ရေး၊ အောက်တိုဘာ(၇)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ကနေ တပ်အပြင်ထွက် အယောင်ပြစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၅၀ နီးပါး ပါတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ ရေးမြို့အတွင်း လမ်းဆုံလမ်းခွတွေ၊ မြို့ဝင်၊ မြို့ထွက်နေရာတွေမှာ လမ်းသွားလမ်းလာ ဆိုင်ကယ်နဲ့ကားတွေကို အယောင်ပြ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာပါ။

ဒေသခံ ၃ ဦးရဲ့ ပြောပြချက်အရ တပ်အပြင်ထွက် စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လမ်းသွားလမ်းလာ ဆိုင်ကယ်နဲ့ကားတွေကို စစ်ဆေးကြောင်း ဓာတ်ပုံနဲ့ဗွီဒီယိုမှတ်တမ်းရိုက်ကူးပြီး နာရီဝက်အကြာမှာပဲ တပ်ထဲပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ တပ်အင်အား ၁၀၀ နီးပါး ပါတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကားတွေကိုအသုံးပြုပြီး ရေးမြို့နယ် ဇီးဖြူသောင်နဲ့အစင်ကျေးရွာသွားတဲ့ လမ်းပိုင်းတွေမှာ ဟန်ပြလုံခြုံရေးကင်းလှည့်တာတွေ လုပ်ဆောင်ပြီးနောက် တပ်ထဲပြန်ဝင်သွားတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တပ်အပြင်ထွက် အယောင်ပြစစ်ဆေးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အဲဒီနေ့အောက်တိုဘာ ၄ ရက်နေ့မှာပဲ စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းရက်တွေမှာ စစ်ဆေးတာတွေမရှိတော့ဘူးလို့ ဒေသခံတွေထံကနေ သိရပါတယ်။

ရေးမြို့နယ်မှာ ပြီးခဲ့တဲ့စက်တင်ဘာနောက်ဆုံးအပတ်အတွင်း ဗိုလ်ကြီးတစ်ဦး၊ ရဲအုပ်တစ်ဦး ပစ်သတ်ခံခဲ့ရသလို မြို့ပေါ်ရှိစစ်တပ်ပိုင် မြဝတီဘဏ်ကိုလည်း တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေပြီးနောက် စစ်တပ်ထောက်ခံသူတွေက အရှေ့တောင်တိုင်းတိုင်းမှူး၊ ရေးတပ်နယ်မှူးနဲ့ ရေးမြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့တွေ လုံခြုံရေးညံ့ဖျင်းကြောင်း တယ်လီဂရမ်အကောင့်တွေမှာ ဝေဖန်ရေးသားမှုတွေ ရှိခဲ့တဲ့အတွက် စစ်ကောင်စီတပ်က တပ်အပြင်ထွက် အယောင်ပြစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာပါ။

တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ရေးမြို့နယ်မှာတော့ တပ်အင်အားပြုန်းတီးမှု ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ တပ်အပြင်ထွက်လှုပ်ရှားတာနဲ့ စစ်ကြောင်းထိုးတာမရှိသလောက် နည်းပါးနေသလို တပ်တွင်းနဲ့စခန်းတွေထဲမှာ နေထိုင်ကြတာပါ။

ဒါ့အပြင် လုံခြုံရေးအခြေအနေကြောင့် ခေါဇာ၊ လမိုင်းအပါအဝင် နယ်မြေရဲစခန်းတွေအားလုံးကို ရုပ်သိမ်းထားပြီး ရေးမြို့မရဲစခန်းမှာ စုပေါင်းနေထိုင်သလို ဌာနဆိုင်ရာတွေရဲ့ ရုံးလုပ်ငန်းတချို့ကိုလည်း တပ်တွင်းပြောင်းရွှေ့ လုပ်ကိုင်တာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလတုန်ကလည်း ရေးမြို့နယ်အခြေစိုက်တပ်ရင်း ၄ ရင်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် မောင်းသူမဲ့လေယာဉ်အငယ်စားတွေ အသုံးပြုတိုက်ခိုက်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.