မော်လမြိုင်၊ အောက်တိုဘာ(၇)

ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ အောက်တိုဘာပထမအပတ်အတွင်း တစ်လီတာကို ကျပ် ၂၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းအနည်းငယ် ပြန်လည်ကျဆင်းလာတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်သုံးဆီဈေးနှုန်းကျဆင်းမှုဟာ ကမ္ဘာ့ရေနံဈေး ပြန်လည်ကျဆင်းလာမှုနဲ့အတူ မြန်မာနိုင်ငံက အဓိကမှာယူတင်သွင်းနေရတဲ့ စင်ကာပူစက်သုံးဆီဈေးကွက်မှာလည်း ဈေးနှုန်းတွေ ဆက်တိုက်ကျဆင်းနေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ 92 ဓာတ်ဆီတစ်လီတာကို ကျပ် ၂၃၀၀ ကျော်မှ ကျပ် ၁၉၉၅ အထိ၊ 95 ဓာတ်ဆီတစ်လီတာကို ကျပ် ၂၅၀၀ နီးပါးကနေ ကျပ် ၂၁၀၀ အထိ ဈေးနှုန်းပြန်လည်ကျဆင်းလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပရီမီယံဒီဇယ်ကလည်း ကျပ် ၂၇၀၀ ဝန်းကျင်မှ ကျပ် ၂၄၀၀ နီးပါး၊ ရိုးရိုးဒီဇယ်မှာ ကျပ်၂၆၀၀ ကျော်မှ ကျပ် ၂၄၀၀ နီးပါးအထိ ဈေးနှုန်းကျဆင်းလာတာပါ။စက်သုံးဆီဈေးနှုန်းတွေ ကျဆင်းလာတာကြောင့် အမြင်ဆုံးဈေးနှုန်းနဲ့ ဝယ်ယူထားရတဲ့လုပ်ငန်းအများစု အရှုံးပေါ်နေတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ကျတယ်ဆိုတာက ကမ္ဘာ့ဈေးကွက်ကိုကကျတာ။ ဒေါ်လာ (၁၀) ဒေါ်လာလောက် ကွာသွားတာပေါ့။ လုပ်ငန်းရှင်တိုင်းတော့ထိတာပဲ။ အစိုးရကလည်း သူသတ်မှတ်တဲ့ ဈေးအတိုင်းကိုပဲ ရောင်းခိုင်းတဲ့အခါကျတော့ ဈေးကျရင်လျော့ပြီးတော့ ဈေးချပြီးတော့ရောင်းရတာပေါ့။ အဲဒါကတော်တော် ရှုံးတယ်။ ဆိုင်ကြီးရင်ကြီးသလောက် သေးရင်သေးသလောက်ရှုံးတာပေါ့။ အခုထိလိုသလောက်တော့ ဝယ်ချင်တိုင်း ဝယ်လို့မရဘူး။ သူချပေးတဲ့ ခွဲတမ်းအတိုင်းဘဲ ကိုယ်ကဝယ်ရတယ်။ ရောင်းလို့မလောက်လဲ ထပ်ဝယ်လို့မရဘူး”လို့ ဆိုပါတယ်။

အခုလို ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်းကျဆင်းနေချိန်မှာ လိုသလောက် ဝယ်ယူလို့ရပါက လာမယ့်လပိုင်းတွေမှာ စက်သုံးဆီဈေးနှုန်း တည်ငြိမ်နိုင်ပေမယ့် စစ်ကောင်စီဘက် လိုသလောက် ရောင်းချပေးတာ မရှိတဲ့အတွက် နေ့စဉ်နဲ့အမျှဈေးနှုန်းတွေ ပြောင်းလဲနေဦးမယ်လို့ သူကဆက်ပြောပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ စစ်ကောင်စီက ဈေးကွက်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့အတွက် အရင်လို လွတ်လွတ်လပ်လပ် ဝယ်ယူလို့မရသလို ဈေးနှုန်းတွေကိုလည်း သူတို့သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း ရောင်းချနေရတာကြောင့် အခက်အခဲဖြစ်နေရတယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာတော့ စက်သုံးဆီဈေးနှုန်းဟာ အာဏာမသိမ်းခင် NLD အစိုးရလက်ထက်က တစ်လီတာကို ကျပ် ၆၀၀ ဝန်းကျင်သာ ပေါက်ဈေးရှိနေပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ၄ ဆနီးပါး ဈေးနှုန်းမြင့်တက်လာသလို ဈေးနှုန်းမတည်ငြိမ်မှုတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.