တနင်္သာရီ၊ အောက်တိုဘာ(၇)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ထုံခါကျေးရွာအနီးရှိ ထုံခါအကျဉ်းစခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကော်သူးလေပူးပေါင်းစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ထုံခါအကျဉ်းစခန်းကို မနေ့အောက်တိုဘာ ၅ ရက်နေ့ မနက် ၉ နာရီအချိန်လောက်မှာ ကော်သူးလေအာမီ (KTLA) ထီးစမယ်ရွာတပ်ရင်း တပ်ခွဲ(၄)နဲ့ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အကျဉ်းစခန်းတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲအချိန် တစ်နာရီနီးပါးအကြာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က အထိနာခဲ့တာ ဖြစ်ပါတယ်။

KTLA-tcjf တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီကတော့ အဲဒီအကျဉ်းစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ နီးပါးရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် ပူးပေါင်းတပ်ဖွဲ့ရဲ့ အဲဒီတိုက်ခိုက်မှုဟာ အကျဉ်းစခန်းရှိ ကင်းစခန်း ၃ ခုကို ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ကင်းတဲ ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဆင်ဖြူရှင်(၄)ရဲဘက်ဆိုင်ရာ အကျဉ်းစခန်းတစ်ခုဖြစ်တဲ့ ထုံခါအအကျဉ်းစခန်းကို ရေဖြူမြို့နယ်စစ်ဗျူဟာနဲ့ အမှတ်(၅၅၈) ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူထားတာ ဖြစ်ပါတယ်။

ထုံခါအကျဉ်းစခန်းကို ပြီးခဲ့တဲ့နှစ် မေလတုန်းကလည်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့တွေအပြင် ထောင်ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.