မော်လမြိုင်၊ အောက်တိုဘာ(၇)

ပြည်သူ့ခုခံစစ်တွေကြောင့် တပ်အင်အားပြုန်းတီးမှုနဲ့အတူ စိတ်ဓာတ်ရေးရာပါကျဆင်းနေတဲ့ စစ်ကောင်စီတပ်တွင်း ရှေ့တန်းထွက် စစ်မတိုက်ချင်တဲ့အတွက် အမိန့်မနာခံမှုတွေ မြင့်တက်လာတယ်လို့ CDM အသိုင်းအဝိုင်းကနေ သိရပါတယ်။

နိုင်ငံအနှံ့နီးပါး စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ တိုက်ပွဲတိုင်းလိုလို အကျအဆုံးများလာတာကြောင့် စစ်ကောင်စီတပ်သားအများစု ရှေ့တန်းထွက်ဖို့ ငြင်းဆန်တာနဲ့ အမိန့်မနာခံမှုတွေ ရှိလာခဲ့တာပါ။

CDM ဗိုလ်ကြီးထက်မြတ်ကတော့ အာဏာသိမ်းကာလအတွင်းမှာ စစ်ကောင်စီတပ်သားတွေဟာ တိုက်ရိုက်အမိန့်မနာခံတာအပြင် ရှေ့တန်းမထွက်ရဖို့အတွက် လာဘ်ထိုးတာတွေအထိ နည်းမျိုးစုံနဲ့လုပ်ဆောင်နေတယ်လို့ သံလွင်တိုင်မ်းကို ပြောပါတယ်။

“တိုက်ရိုက်မဟုတ်တောင်မှ ဒါနည်းမျိုးစုံနဲ့ ရှောင်ရှားဖို့ ကြိုးစားကြတယ်။ ရှေ့တန်းမထွက်ရဖို့ ငွေ ကြေးနဲ့လိုက်ပြီး လုံးပမ်းနေကြတာတွေ၊ လူကြီးကိုဖားပြီး စစ်ဆင်ရေးမလိုက်ရအောင် လုပ်နေရတာတွေရယ်၊ နောက်တပ်ပြောင်းတွေ လွှတ်တယ်ပေါ့နော်။ တပ်တွေပြောင်းရတယ်။ လွှတ်တဲ့နေရာက စစ်ဆင်ရေးတွေ ကြမ်းတမ်းတယ်ဆိုရင် ပြောင်းရတဲ့တပ်ကို မရောက်တော့ဘဲနဲ့ လမ်းမှာတင်ထွက် ပြေးတာမျိုးတွေ။ အဲဒီလိုပုံစံတွေကမျိုးစုံပဲ ဖြစ်လာတယ်။ အဓိကကတော့ အမိန့်တွေကိုမနာခံဖို့ သူတို့နည်းမျိုးစုံနဲ့ ရှောင်ရှားနေကြတယ်ပေါ့” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ကချင်၊ ကယား၊ ရှမ်း၊ ကရင်နဲ့ ချင်းပြည်နယ်အပါအဝင် စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းတို့မှာ နေ့စဉ်နဲ့အမျှ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

အဲဒီစစ်မြေပြင်တိုက်ပွဲတွေကို စေလွှတ်ခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံတာ၊ တပ်ကနေထွက်ပြေးတာတွေအပြင် တချို့ကရှေ့တန်းမထွက်ချင်တာကြောင့် အရေးယူခံလိုက်တဲ့ ဖြစ်စဉ်တွေ များလာခဲ့တာပါ။

လေတပ် CDM တပ်ကြပ်ကြီးဇေယျကတော့ စစ်အုပ်စုအတွင်း စစ်ခေါင်းဆောင်တွေကိုယ်တိုင် အမှားတွေ လုပ်နေတဲ့အတွက် အောက်ခြေတပ်သားတွေက အမိန့်မနာခံချင်တော့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

“လက်ရှိစစ်တပ်ရဲ့နောက်ဆုံးအခြေအနေအရဆိုရင် အဆင့်တိုင်းလယ်ဗယ်တိုင်းမှာ သူတို့တွေ မယုံကြည်မှုတွေ ဖြစ်နေပြီ။ အမိန့်မနာခံမှုတွေက ဂရုတွေကွဲပြီး ပွတ်တိုက်မှုတွေရှိလာတာ တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုတချိန် အခုလောက်စစ်မက်မထူပြောခင်ကတည်းက မင်းတို့ဒီနေရာကိုလှုပ်ရှားဆိုရင် လိမ်ပြီးတော့တင်တာပေါ့နော်။ အခုဟာကကျတော့ အခြေအနေတွေက ပိုမိုပြင်းထန်လာတယ်။ စစ်ဗိုလ်ချုပ်တွေကိုယ်တိုင်က တလွဲတွေလုပ်လာတဲ့အခါကျတော့ အောက်ခြေစစ်သားတွေမှာ အမိန့်မနာခံချင်တာတွေဖြစ်လာတယ်” လို့ ပြောပါတယ်။

အမိန့်မနာခံမှုနဲ့အတူ တပ်ပြေးများလာတဲ့ ပြဿနာကို ထိန်းချုပ်ဖို့အတွက် စစ်အုပ်စုဟာ တပ်သားအချင်းချင်း စောင့်ကြည့်ခိုင်းတာ၊ နေ့စဉ်လုပ်ဆောင်ချက်တွေကို သက်ဆိုင်ရာအကြီးအကဲတွေဆီ တင်ပြကြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တပ်သားတွေကို ကျောင်းတက်ခွင့်၊ စာမေးပွဲဖြေခွင့်ပါ ပိတ်ပင်ထားပြီး တပ်အပြင်ကို တစ်ယောက်တည်းထဲမသွားဖို့ လုံခြုံရေးအကြောင်းပြထားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

အမိန်မနာခံတဲ့ အောက်ခြေစစ်သားတွေကိုလည်း စစ်ကောင်စီတပ်က ပြင်းပြင်းထန်ထန်အရေးယူတာမျိုးမလုပ်ဘဲ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်လာတယ်လို့ CDM ဝင်နိုင်ဖို့ ကူညီပေးနေတဲ့ မေမေ့ရင်ခွင်အဖွဲ့တာဝန်ခံ ကိုမျိုးမြင့်အောင်က သံလွင်တိုင်မ်းကို ပြောပါတယ်။

“သူတို့ပုံစံကတော့မျိုးစုံရှိတယ်။ တချို့တွေဆိုရင် ပြန်လာခဲ့အရေးမယူဘူးဆိုပြီးတော့ခေါ်တယ်။ တချို့တွေက ထွက်ကိုထွက်ချင်တာ။ ထွက်ချင်တဲ့အခါကျတော့ ထောင်ကျရင်ထွက်မယ်ဆိုတဲ့ လူမျိုးတွေလည်း ရှိတယ်။ သူတို့အဓိကက စစ်ဆင်ရေးမသွားရရင်ပြီးရော။ စစ်ဆင်ရေးသွားရရင် သေမှာပေါ့ဗျာ။ အဲဒီတော့ ပြန်ပြီးတော့ ချော့ခေါ်တာမျိုးတွေ။ အထက်ကမသိသေးဘူးဆိုလို့ရှိရင် ပြန်ပြီးတော့ဖြစ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း လုပ်နေရတာမျိုးတွေရှိတယ်။ ဘာလို့လဲဆိုတော့ တပ်တွေကလည်း ထွက်တာတွေကများတယ်။ တပ်တိုင်းလိုလိုက ထွက်နေကြတာလေ” လို့ ပြောကြားခဲ့ပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ စစ်တိုက်ဖို့အမိန့်ဖီဆန်တဲ့ တပ်မမှူး၊ တပ်ရင်းမှူးအပါအဝင်အရာရှိတွေကို ပြင်းထန်တဲ့အရေးယူမှုတွေ လုပ်ဆောင်ထားပြီး တချို့ကို နှစ်ရှည်ထောင်ဒဏ်တွေအပြင် သေဒဏ်အထိ ပြစ်ဒဏ်ချမှတ် အရေးယူတာတွေ လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာလည်း ကရင်ပြည်နယ်ရှေ့တန်းမှာ တာဝန်ချထားတဲ့ ခမရ ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးပြည့်ဖြိုးမောင်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူးနိုင်နိုင်ဇော်တို့ကို အမိန့်မနာခံမှု၊ စစ်တိုက်ဖို့ ပုန်ကန်ငြင်းဆန်မှုနဲ့ စစ်ကောင်စီကဖမ်းဆီး အရေးယူခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

အဲဒီလိုအလားတူဖြစ်စဉ်တွေ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာလည်း များစွာရှိနေပေမယ့် တပ်တွင်းအုံကြွမှုမဖြစ်လာစေဖို့ စစ်ကောင်စီက သတင်းဖုံးဖိထားတယ်လို့ CDM ဗိုလ်ကြီးတွေက ဆိုပါတယ်။

နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန် မထမ်းဆောင်ချင်တာကြောင့် CDM ပြုလုပ်ထာတဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင် ၁၃၀၀၀ ကျော်အထိ ရှိလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.