မြဝတီ၊ အောက်တိုဘာ(၆)

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်အတွင်းရှိ နေအိမ် တစ်လုံးအတွင်း အောက်တိုဘာ ၄ ရက်နေ့ညပိုင်းက လင်မယား ၂ ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ ည ၁၁ နာရီအချိန်လောက်မှာ ပန်းခြံလမ်းနေ အသက် ၃၄ နှစ်အရွယ် ကိုသန်းထိုက်အောင်နဲ့ အသက် ၂၁ နှစ်အရွယ် မနှင်းနှင်းဝေတို့ နေအိမ်ထဲရှိနေချိန် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတာပါ။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ကိုသန်းထိုက်အောင်မှာ လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာ၊ မနှင်းနှင်းဝေမှာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မြို့ခံတွေအဆိုအရ သူတို့လင်မယား ၂ ဦးဟာ အရက်ဝိုင်းတစ်ခုမှာ တခြားသူတွေနဲ့ စကားများရာကနေ သေနတ်နဲ့ လာရောက်ပစ်သတ်ခံရတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုတာတွေ ရှိနေပါတယ်။

ပစ်သတ်ခံရသူထဲက ယောကျ်ားဖြစ်သူဟာ အရောင်းအဝယ်လုပ်သူလို့သာ ရပ်ကွက်ကသိထားပြီး နောက်ကွယ်မှာ ဘယ်လိုလုပ်ငန်းလုပ်ကိုင်နေတယ်ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီး တစ်နာရီကျော်ကြာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးပြီးနောက် အလောင်းတွေကို မြဝတီခရိုင် ပြည်သူ့ဆေးရုံကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ ညနေပိုင်းကလည်း မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်မှာ မြဝတီကမ္ဘောဇဘဏ်ခွဲ ၁ က မန်နေဂျာ ဦးတင်မောင်အေး သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ပုံစာ- အခင်းဖြစ်ရာနေအိမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.