ပုလော၊ အောက်တိုဘာ(၆)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် အရှေ့ဘက်ခြမ်းကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

တပ်အင်အား ၂၀၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၄ ရက်နေ့ကစပြီး စစ်ကြောင်း ၂ ကြောင်းခွဲကာ ဂျင်းဂါ၊ မှော်မိဘက်နဲ့ မိကျောင်းသိုက်ကျေးရွာတို့ကနေ ပုလောမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။

စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် နန်းတောင်၊ ဂျင်းဂါ၊ မှော်မိ၊ ကျောင်းနိမ့်၊ ပိန္နဲတောင်၊ ဒူးရင်းပင်ရှောင်နဲ့ပုလောကုန်း၊ မိကျောင်းသိုက်စတဲ့ရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာစဉ် ဂျင်းဂါကျေးရွာဘက်မှာ ပေါက်ကွဲသံတွေ ကြားရပြီး ဖြစ်စဉ်အခြေအနေ အသေးစိတ်မသိရသေးပါဘူး။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၅ ရက်နေ့မှာ ပုလောကုန်းနဲ့နန်းတောင်ကျေးရွာတို့ကို ရောက်ရှိလာပြီး ကျေးရွာအတွင်း တပ်စွဲနေထိုင်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ပုလောမြို့နယ် နန်းပရုတ်၊ ၆ မိုင်နဲ့မျှဉ်ချဉ်စုကျေးရွာတွေမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့သေးတာဖြစ်ပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ(ပုံဟောင်းဖြစ်ပါသည်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.