ရန်ကုန်၊ အောက်တိုဘာ(၆)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပညားရေးကဏ္ဍကို အကောင်အထည်ဖော်နေတဲ့ အခြေခံပ ညာမှာ တာဝန်ထမ်းဆောင်နေတဲ့ CDM ဆရာ၊ ဆရာမတစ်သိန်းကျော်ရှိတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားမှာ NUG အစိုးရဲ့ပညာရေးကဏ္ဍ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဝန်ကြီး ချုပ်က ပြောဆိုခဲ့တာပါ။

NUG အစိုးရဟာ အာဏာသိမ်းကာလအတွင်း အခြေခံပညာရေးကဏ္ဍမှာ အွန်လိုင်းကျောင်း ၇၀ ကျော်နဲ့ မြေပြင်သင်ကြားရေးကျောင်း ၅၀၀၀ ကျော် ဖွင့်လှစ်ခဲ့တာပါ။

ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပညာရေးဝန်ကြီးဌာနရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်နေတဲ့ အခြေခံပညာကဏ္ဍမှာ CDM ဆရာ၊ ဆရာမတစ်သိန်းကျော်ရှိပြီး လုပ်အားပေးစေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေကိုလည်း ထပ်မံခန့်အပ်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အခြေခံပညာရေးကဏ္ဍ အကောင်အထည်ဖော်ရာမှာ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းစဉ် (BECA) အတွက် နည်းပညာကုန်ကျစရိတ် မြန်မာငွေကျပ် ၁၇၆ သန်းကျော်ကို ဝန်ကြီးဌာနဘက်က ကျခံသုံးစွဲခဲ့တယ်လို့ ပြောပါတယ်။

အဆင့်မြင့်ပညာကဏ္ဍမှာလည်း ကြားကာလတက္ကသိုလ်ကောင်စီတွေ ဖွဲ့စည်းပြီး သင်ကြားရေးလုပ်ငန်းတွေ အဆက်မပြတ်စေဖို့ ဆက်လက်လုပ်ဆောင်ခဲ့တာတွေရှိသလို ဘာသာရပ်ဆိုင်ရာဘုတ်အဖွဲ့တွေဘက်ကလည်း သင်ကြားရေးနဲ့ သင်ရိုးညွှန်းတမ်းတွေကို ကြီးကြပ်ပြင်ဆင်တာတွေ လုပ်ဆောင်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းကာလအတွင်း စစ်အုပ်စုဟာ စစ်ဘက်အရပ်ဘက် ပစ်မှတ်ခွဲခြားမှုမရှိဘဲ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတာ၊ ဆရာ ဆရာမတွေကို ဖမ်းဆီးအရေးယူတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာစတဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို ကျူးလွန်နေတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း ကမ္ဘာ့ဆရာများနေ့ အခမ်းအနားမှာ ပြောဆိုပါတယ်။

နိုင်ငံတကာပညာရေး စောင့်ကြည့်ရေး အဖွဲ့(GCPEA)ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်အတွင်း ပညာရေးကဏ္ဍ တိုက်ခိုက်ခံရတဲ့ထိပ်ဆုံး ၃ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံပါဝင်လာတယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-BNI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.