မော်လမြိုင် – အောက်တိုဘာ(၆)
တော်လှန်ရေးအင်အားစုတွေရဲ့ ပြည်သူအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ် ထိန်းသိမ်း အရေးယူနိုင်ဖို့ လိုအပ်တဲ့ အဖွဲ့တွေ ဖွဲ့စည်းဖို့နဲ့ သင်တန်းပို့ချနိုင်မှု လုပ်ငန်းစဉ်တွေ အားကောင်းကောင်းဆောင်ရွက်ဖို့လိုတယ်လို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။
“မြေပြင်မှာ စစ်ကောင်စီဘက်က ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေအပြင် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြည်သူအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ်ထိန်းသိမ်း အရေးယူနိုင်ဖို့ လိုအပ်တဲ့ အဖွဲ့တွေ ဖွဲ့စည်းနိုင်မှု၊ သင်တန်းတွေ ပို့ချနိုင်မှု စတဲ့ လုပ်ငန်းစဉ်တွေကိုလည်း အားကောင်းအောင် ဆောင်ရွက်ပေးကြဖို့ လိုမှာဖြစ်ပါတယ်” လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
ဒါ့အပြင် ပြည်သူတွေ နောက်ကျောလုံလုံနေထိုင်နိုင်ဖို့ တာဝန်ယူထားတဲ့ အစိုးရအဖွဲ့မှာ တာဝန် အပြည့်ရှိတဲ့အတွက် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တွေကို ဝိုင်းဝန်းလုပ်ဆောင်ကြရမယ့် ဝန်ကြီးဌာနတွေအနေနဲ့ ပိုမိုကြိုးပမ်းလုပ်ဆောင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
NUG ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်တီအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဦးဆောင်ပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ အမြဲတမ်းအဝင်းဝန်တွေ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်တွေနဲ့ ဌာနဆိုင်ရာတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
တက်ရောက်လာကြတဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်တွေဟာ(၃၉/၂၀၂၃) မှာချမှတ်ထားတဲ့ ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ချပြရှင်းလင်းကာ အပြန်အလှန်ဆွေးနွေးခဲ့ပြတယ်လို့သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG