“သူတို့(စကစ) စစ်ကြောင်းထိုးလာရင် PDF အယောင်ဆောင်ပြီး ယူနီဖောင်းတွေဘာတွေနဲ့ ပုံမှားရိုက်ပြီးလာ တာကိုလည်း တွေ့လာရတာပေါ့။ သူတို့ဘက်က အရင်ကထက်စာရင် စစ်ဆင်ရေးလုပ်တာတွေ အပြောင်းအလဲ ဖြစ်လာတယ်။ ပြောက်ကျားပုံစံပိုပြီး ဖမ်းလာတာ တွေ့ရတယ်”

တနင်္သာရီတိုင်းထဲမှာ ပြီးခဲ့တဲ့စက်တင်ဘာနောက်ဆုံးအပတ်ကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်ပွားလာသလို နှစ်ဖက်ထိခိုက်ကျဆုံးတာတွေလည်း ပိုမိုများလာတာပါ။

တိုက်ပွဲတွေအတွင်း PDF စခန်းတချို့ သိမ်းဆည်းခံရတာတွေရှိသလို စစ်ကောင်စီတပ်ကလည်း စစ်ရေးဗျူဟာ ပြောင်းလဲတိုက်ခိုက်တာတွေ ရှိလာခဲ့ပါတယ်။ ဒါကြောင့် တနင်္သာရီတိုင်းအတွင်း နှစ်ဖက်စစ်ရေးအခြေအနေ၊ စစ်ကောင်စီတပ်ရဲ့ စစ်ရေးဗျုဟာ ပြောင်းလဲလာမှု၊ စခန်းတချို့ သိမ်းဆည်းခံရတာနဲ့ လာမယ့်ပွင့်လင်းရာသီမှာ ဖြစ်လာနိုင်တဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ခံ ကိုစတားနဲ့ ဆက်သွယ်မေးမြန်းချက်။

 ၁။ အရင်ဆုံး တနင်္သာရီတိုင်းရဲ့ လက်ရှိစစ်ရေးအခြေအနေနဲ့ PDF စခန်းတချို့ စီးနင်းခံရတာ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ဒီလထဲမှာတော့ ကျွန်တော်တို့ဘက်ကလည်း ဟုတ်တယ်။ ထိခိုက်ကျဆုံးခဲ့တာတွေ ရှိတာပေါ့။ အဓိကက ပုလောမြတောင်ရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ကျွန်တော်တို့ဘက်က ရဲဘော်တွေ ၈ ဦးကျဆုံးသွားတာရှိတယ်။ ထားဝယ်ခရိုင်ဘက်မှာလည်း LOCAL PDF တွေရဲ့ တပ်ရင်းစခန်းတွေက စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်လို့ ဆုတ်ခွာပေးလိုက်ရတာရှိတယ်။ အခုချိန်ထိကတော့ ထားဝယ်ခရိုင်ဘက်မှာ စစ်ကြောင်းတွေထိုးနေတာ ရှိတယ်။ ပုလောဘက်မှာလည်း သူတို့ဘက်ကနေ စစ်ရေးပြင်ဆင်နေတာတွေ ရှိပါတယ်။ ပုလောဘက်မှာတော့ ကျွန်တော်တို့ဘက်မှာလည်း ကျဆုံးသလို သူတို့ဘက်မှာလည်း တော်တော်များများ ကျဆုံးတာရှိပါတယ်။ အဲဒီ လိုတော့ သတင်းရပါတယ်။

 ၂။ ဒီနောက်ပိုင်း အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆင်ရေးက ဘယ်လိုပုံစံတွေနဲ့ ပြောင်းလဲလာတာ မြင်တွေ့ရလဲ။

သူတို့ဘက်ကတော့ စစ်ဆင်ရေးလုပ်တဲ့ ပုံစံနည်းနည်း အပြောင်းအလဲတော့ ရှိလာပါတယ်။ အရင်တုန်းကဆို နယ်မြေခံမဟုတ်တဲ့ တပ်ရင်းတပ်ဖွဲ့တွေကို စစ်ကြောင်းထိုးတဲ့ဟာတွေများတယ်။ အခုကျတော့ နယ်မြေခံ တပ်တွေနဲ့ စစ်ကြောင်းထိုးလာတာ ပိုပြီးများလာတာပေါ့။ သူတို့စစ်ကြောင်းထိုးလာရင် PDF အယောင် ဆောင်ပြီး ယူနီဖောင်းတွေဘာတွေနဲ့ ပုံမှားရိုက်ပြီးလာတာကိုလည်း တွေ့လာရတာပေါ့။ သူတို့ဘက်က အရင်ကထက်စာရင် စစ်ဆင်ရေးလုပ်တာတွေ အပြောင်းအလဲဖြစ်လာတယ်။ ပြောက်ကျားပုံစံပိုပြီး ဖမ်းလာတာ တွေ့ရတယ်။

၃။ PDF ရဲဘော်တွေ ထိခိုက်ကျဆုံးရတာနဲ့ စခန်းတချို့ သိမ်းဆည်းခံရတာ ဘာကြောင့် မြင်ပါသလဲ။

စခန်းတွေကတော့ တော်တော်များများက သိထားတယ်လို့ပြောတယ်။ ဆိုလိုတာက လျှို့ဝှက်စခန်းတွေ ပုံစံမျိုး မဟုတ်ဘူး။ သူတို့စိုးမိုးထားတယ်။ ထိန်းချုပ်ထားတယ်။ လှုပ်ရှားနေတယ်ဆိုတဲ့ နယ်မြေတွေကိုပဲ အဓိက အခြေခံထားပြီးတော့ စခန်းတွေကရှိနေဆဲပါ။ အဲဒါကလည်း သူတို့ဘက်က သတင်းကရပြီးသားပေါ့။ ဒါကိုပဲ အဓိကဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ ပုံစံဖြစ်သွားတယ်။ ဆိုလိုတာက ကျွန်တော်တို့ လျှို့ဝှက်စခန်းတွေကိုပဲ အသိမ်းခံရတယ်ပုံစံမျိုးတော့ မဟုတ်ဘူး။ နဂိုတည်းက ဒီဒေသတွေမှာ PDF တွေ အခြေစိုက်တယ်ဆိုတဲ့ သတင်းအချက်အလက်တွေကတော့ ရရှိထားပြီးသား။ ဒီအပေါ်မှာပဲ သူတို့က သာလွန်အင်အားတွေနဲ့ စစ်ကြောင်း ထိုးလာတဲ့အတွက် ကျွန်တော်တို့ဘက်က စခန်းတစ်ချို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ အနေအထားဖြစ်ပါ တယ်။

၄။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပိုမိုထိရောက်တဲ့ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ဆိုရင် ဘာတွေ လိုအပ်နေပါသလဲ။

အဓိကကတော့ ကျွန်တော်တို့က စစ်ဆင်ရေးလုပ်တော့မယ်။ တန်ပြန်ထိုးစစ်တွေလုပ်တော့မယ်ဆိုရင် မဟာဗျူဟာ၊ နည်းဗျူဟာပိုင်းကို ကျကျနန ရေးဆွဲထားဖို့လိုတယ်။ အဲဒီအပိုင်းကတော့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ နောက်တစ်ခုက တပ်ရင်းတပ်ဖွဲ့တွေရဲ့ ထောက်ပို့လမ်းကြောင်း စီမံမှုကိစ္စတွေကလည်း စနစ်တကျရေးဆွဲပြီး လုပ်ဆောင်ရမှာဖြစ်တယ်။ ဒါတွေကိုကြိုတင်ပြင်ဆင်မှုမရှိပဲနဲ့ စစ်ဆင်ရေးတွေလုပ်လို့မရဘူး။ နောက်တစ်ခုကတော့ ရန်သူရဲ့သတင်းအချက်လက်ပေါ့။ သတင်းအချက်အလက်တွေအပေါ်မူတည်ပြီးတော့ ဘယ်ဗျူဟာနဲ့သွားရမလဲဆိုတဲ့ အပိုင်းတွေရှိတယ်။ ရန်သူရဲ့အင်အား၊ သူတို့ရဲ့စစ်ကြောင်းထိုးလာတဲ့ပုံစံ၊ ရန် သူရဲ့ဒီအလေ့အထတွေကို ကျွန်တော်တို့က မြေပြင်မှာရှိတဲ့ ထောက်လှမ်းရေးအဖွဲ့တွေရဲ့ သတင်းပေးပို့ချက်တွေ အပေါ်မှာမူတည်ပြီး စစ်ဆင်ရေးကို ကျွန်တော်တို့ ရေးဆွဲရတယ်။

အဲဒီစီမံချက်ကို တိတိကျကျ အကောင်အထည်ဖော်နိုင်တာက သက်ဆိုင်တဲ့နယ်မြေမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖတွေ၊ စစ်ဆင်ရေးက ပိုအရေးကြီးတယ်။ အဲဒီလို စနစ်တကျလုပ်ပြီးမှ သွားလို့ရတဲ့ အနေအထား ဖြစ်တယ်။ လတ်တလောမှာ ဗျူဟာကျကျ စစ်ဆင်ရေးပုံစံမဟုတ်ပဲနဲ့ ရန်သူကနေ ထိုးဖောက်လာတဲ့အပေါ်မှာ ပြန်လည်ပစ်ခတ်နေရတဲ့ အနေအထားမျိုးတော့ ဖြစ်နေတယ်။ မဟာဗျူဟာအပိုင်းတွေ၊ လိုအပ်တဲ့ ထောက်ပို့ပြင်ဆင်ရတဲ့အပိုင်းတွေ၊ သတင်းအချက်အလက်စုဆောင်းတဲ့ အပိုင်းတွေ ဒါတွေစနစ်တကျလုပ်ပြီးမှပဲ စစ် ကြောင်းထိုးရမှာ ဖြစ်ပါတယ်။

 ၅။ လာမယ့်ပွင့်လင်းရာသီမှာ နှစ်ဖက်စစ်ရေး ဘယ်လိုအခြေအနေတွေ ဆက်ဖြစ်လာနိုင်လဲ။ ဒေသကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ဘယ်လိုပြင်ဆင်ထားတာ ရှိလဲ။

ကျွန်တော်တို့ကတော့ NUG ရဲ့ ONE YEAR PLAN အတိုင်းပါပဲ။ ပြင်ဆင်၊ တိုက်ခိုက်၊ သိမ်းပိုက်ဆိုတဲ့ ဗျူဟာ အတိုင်း ဆက်သွားနေတယ်။ အခုလာမယ့်ပွင့်လင်းရာသီက ထိုးစစ်ကာလဖြစ်တယ်။ ထိုးစစ်ကာလမှာလည်း သူတို့ဘက်က ထိုးရင်လည်း ပြဿနာမရှိဘူး။ သူတို့ဘက်ကထိုးလာရင် ကျွန်တော်တို့ဘက်က ဗျူဟာအတိုင်း ချေမှုန်းသွားဖို့ ရှိတယ်။ သူတို့ဘက်က စစ်ကြောင်းထိုးမယ်ဆိုရင်လည်း ကျွန်တော်တို့ဗျူဟာအတိုင်းပဲ ထိုးစစ်ဆင်သွားဖို့ရှိတယ်။ သူတို့ဘက်က စစ်ကြောင်း မထိုးရင်လည်း ကျွန်တော်တို့ဘက်က တန်ပြန်စစ်ဆင်ရေး လုပ်သွားဖို့ ရှိတယ်။ အဲဒီအတွက်ကတော့ ကျွန်တော်တို့ဘက်က အထိုက်အလျောက် ပြင်ဆင်မှုတွေ ရှိပါတယ်။

၆။ စစ်ကောင်စီတပ်က ဒီနောက်ပိုင်းမှာ ရေတပ်ကိုပါ စစ်ဆင်ရေးတွေမှာ အသုံးပြုလာတာ တွေ့ရပါတယ်။ ဘာကြောင့်လို့ မြင်ပါသလဲ။

ပင်လယ်ကမ်းစပ်နဲ့ စစ်သင်္ဘောတွေဝင်နိုင်တဲ့ ဒေသတွေလောက်ပဲ ရေကြောင်းကနေ လက်နက်ကြီးသုံးနိုင်တဲ့ အနေအထားရှိပါတယ်။ အဓိကက ရေကြောင်းကိုထိုးတာ သူတို့ထောက်ပို့အပိုင်းတွေ စစ်ကူပေးတဲ့ အပိုင်းတွေကိုတော့ ရေကြောင်းကိုပိုသုံးလာတာရှိတယ်။ ကျန်တဲ့ပြည်ထောင်စုလမ်းအပိုင်းပေါ်မှာတော့ အများကြီးသွား လာနိုင်တဲ့ အနေအထားမျိုးမရှိဘူး။ ရေကြောင်းနဲ့ပြောမယ်ဆိုရင် ထောက်ပို့ပေးတဲ့ အပိုင်းတွေလောက်ပဲ ကျွန်တော်တို့မှာ နည်းနည်းအခက်ခဲရှိတယ်ပေါ့။ ရေကြောင်းကနေ စစ်ဆင်ရေးလုပ်လာတဲ့ အခြေအနေမျိုးကနေ အများကြီးစိုးရိမ်စရာ မရှိပါဘူး။

၇။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေမှာ ခဲယမ်းလိုအပ်ချက် ပြဿနာကြီးမာလာတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ ဖြေရှင်းဖို့ NUG အစိုးရနဲ့ ချိတ်ဆက်ဆွေးနွေးတာရှိလား။

ကျွန်တော်တို့ကတော့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့တော့ အမြဲတမ်းချိတ်ဆက်မှုတွေ ရှိနေတယ်။ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်လောက်တော့ အစည်းအဝေးလုပ်နေတာရှိတယ်။ ကျွန်တော်တို့တိုင်းရဲ့ အခြေအနေကို တင်ပြနေတာရှိတယ်။ လူကြီးပိုင်းတွေကတော့ အမြဲတမ်းသိရှိနေတာပေါ့။ တစ်နိုင်ငံလုံးသွားနေရတဲ့ ဗျူဟာ ဖြစ်တာကြောင့် စစ်ရေးအရဦးစားပေးရမယ့် ဒေသအလိုက်ကို သူတို့ကနေဖြည့်ဆည်းပေးနေရတဲ့ အပိုင်းတွေ ရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့တပ်တွေရဲ့ အင်အားစုဖွဲ့မှုအရကတော့ လက်နက်အပြည့်အစုံကို တပ်ဆင်နိုင်မှာတော့ မဟုတ်ဘူး။ အလားတူပဲ။ ကျန်သောတိုင်းနဲ့ပြည်နယ်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေ လည်း အလားတူပါပဲ။ ရှိနေတဲ့ဟာကိုလည်း အကောင်းဆုံးကိုင်ဆောင်ပြီးတော့ စစ်ဆင်ရေးလုပ်သွားမယ်။

ကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့ဟာတွေ တချို့ဆို လက်နက်ကြီးထုတ်လုပ်နိုင်တာတွေရှိတယ်။ မိုင်းတွေ ထုတ်လုပ်နိုင်တာတွေ ရှိတယ်။ လက်လုပ်သေနတ်တွေပေါ့။ ထိရောက်တဲ့သေနတ်တွေ နောက်ပိုင်းမှာ ထုတ်လုပ်နိုင်တာ ရှိတယ်။ MOD ဘက်ကလည်း လိုအပ်တာတွေကို ထောက်ပံ့နေသလို တဖက်မှာလည်း ထုတ်လုပ်တာတွေကို ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့တွေက လုပ်ဆောင်နေတာတွေ ရှိပါတယ်။

၈။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။

NUG အစိုးရရဲ့ ရည်ရွယ်ချက်အတိုင်းပေါ့။ နိုငငံရေးရည်မှန်းချက်အတိုင်းကို အကုန်လုံးက အကောင်အထည် ဖော်မှာဖြစ်တဲ့အတွက်ကို ရန်သူရှိနေတဲ့ နေရာတိုင်းသည် တိုက်ပွဲတွေဖြစ်နိုင်တယ်။ ဒါကြောင့်မို့ ပြည်သူတွေ အနေနဲ့ကတော့ စစ်ရေးသတိရှိဖို့ပါပဲ။ ကိုယ်တွေက စစ်ကောင်စီနဲ့ နီးနီးကပ်ကပ်နေတာမျိုးဆို ကိုယ့်အတွက် လည်း အန္တရာယ်ရှိတယ်။ တချို့နေရာတွေမှာဆိုရင် သူတို့ရဲ့ဒေသအလိုက် သတ်မှတ်ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေရှိတယ်။ ညမထွက်ရဘူး။ ကားတွေသွားလာမယ်ဆိုလည်း မှန်တွေချထားရမယ်။ ခရီးပေးမသွားတဲ့နေရာတွေလည်း ရှိတယ်။ ဒါလေးတွေလည်း အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့ လိုတယ်။ တော်လှန်ရေးအပေါ်မှာ ပိုအားစိုက်ဆောင်ရွက်ကြဖို့လည်း လိုပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.