မော်လမြိုင် ၊ အောက်တိုဘာ (၅)

“အ”သုံးလုံး ပြန်လည်သင်ကြားမယ့် စစ်ကောင်စီရဲ့ အစီအစဉ်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိက္ခတွေနဲ့အတူ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် မိသားစုဝမ်ရေးကိုသာ ဖြေရှင်းနေတဲ့အတွက် စိတ်ဝင်တစား တက်ရောက်မယ့်သူ ရှိနိုင်မှာ မဟုတ်ဘူးလို့ ဒေသခံတွေနဲ့ ပညာရေးအသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆင်းရဲမွဲတေမှု လျော့ချဖို့အတွက် ပြည်သူတွေအနေနဲ့ စာတတ်ဖို့ လိုတာကြောင့် “အ”သုံးလုံး သင်တန်းတွေကို နိုင်ငံတဝန်းမှာ ပြန်လည် ပို့ချကြဖို့ ပြီးခဲ့တဲ့ သြဂုတ်လ နောက်ဆုံးအပတ်အတွင်း ညွှန်ကြားလာတာပါ။

စစ်ခေါင်းဆောင်ရဲ့ ညွှန်ကြားမှုကြောင့် စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက နိုင်ငံအတွင်းရှိ နေရာဒေသတချို့မှာ “အ”သုံးလုံး သင်တန်းတွေ ပြန်လည်ပို့ချဖို့ ပြင်ဆင်တာတွေ လုပ်ဆောင်နေပါတယ်။

ဒါပေမဲ့လည်း နေရာဒေသအများစုမှာ နယ်မြေမတည်ငြိမ်တာ၊ တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့ လုံခြုံမှု မရှိတာအပြင် စစ်ကောင်စီဘက်က လုံခြုံရေး အပြည့်အဝ ပေးနိုင်မလားဆိုတာ Non CDM ပညာရေးအသိုင်းအဝိုင်းအတွင်း စိုးရိမ်ပူပန်မှုတွေ ရှိနေတာပါ။

CDM ဆရာမ တစ်ဦးကတော့ လက်ရှိစီးပွာရေး အကျပ်အတည်းတွေကြောင့် စစ်ကောင်စီရဲ့ “အ”သုံးလုံး သင်တန်းတွေကို တက်ရောက်သူ ရှိလာနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“အခုလို အခြေအနေမှာ ဘယ်လို နယ်မြေတွေကို သူတို့ပို့မှာလဲ။ ပို့လို့ မနိုင်တဲ့ အခါကျတော့ တနိုင်တပိုင်း ဒီရပ်ကွက်ထဲမှာ သင့်မလားပေါ့။ ရပ်ကွက်ထဲမှာ သင်ရအောင်လည်း လူကြီးတွေအနေနဲ့လည်း ဒါကို စိတ်မဝင်စားနိုင်ဘူး။ အခုက ဆီတိုးဖို့နဲ့ ဆန်တိုးဖို့ ဒီလောက် ဆင်းရဲမွဲတေနေတဲ့ အချိန်မှာလေ။ ပညာတတ်ဖို့ကိုလည်း စိတ်ဝင်စားမယ် မထင်ဘူး။ သူတို့ရဲ့ စည်းရုံးရေး တစ်ခုပဲလို့ ထင်ပါတယ်။ ဒါက လွန်ခဲ့တဲ့ နှစ် ၅၀ လောက် နောက်ပြန်ဆွဲနေတဲ့ သဘောပဲပေါ့”လို့ သူဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အခုလို“အ”သုံးလုံး သင်ကြားဖို့ လုပ်ဆောင်တာဟာ နိုင်ငံတကာကို ပြည်တွင်းမှာ တည်ငြိမ်နေတဲ့အတွက် ကျေးလက်ဒေသတွေအထိ ပညာရေး မြင့်တက်အောင် ဆောင်ရွက်ပေးနေတဲ့ပုံ ဖြစ်ချင်တဲ့အတွက် လုပ်ဆောင်တာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကိုင်းတိုင်း ဒေသခံတစ်ဦးကတော့ စစ်ကောင်စီ စစ်ကြောင်းထိုးရင် ပြေးနေရတဲ့ အနေအထားမှာ “အ”သုံးလုံး သင်ကြားဖို့ဆိုတာ လက်တွေ့ မကျသလို စားဝတ်နေရေး အတွက် ရုန်းကန်နေရတာကြောင့်လည်း ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော့ အမြင်ကတော့ လက်တွေ့ မကျဘူးလို့ ထင်တာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ ပစ်ခတ်တိုက်ခိုက်နေတဲ့ ကျွန်တော်တို့ ရွာဆိုရင် စစ်ကြောင်းထိုးတဲ့ရက်ဆို ပြေးရတယ်။ ပြီးသွားတဲ့ ရက်ဆိုရင် အိမ်တွေ ပြန်ပြီး ဝင်ကြည့်ရတယ်။ ဘာတွေများ ယူသွားမလည်း ဘာတွေများ လုပ်သွားတုန်းပေါ့။ မီးရှို့ရင် ရှို့သွားမယ် မီးမရှို့ရင်တောင်မှ ကျွန်တော်တို့ နေစရာတွေ ပူရတယ်ဗျာ။ စာရွက်စာတမ်း အတွက်ကလည်း မလွယ်ဘူး။သက်ကြီးပိုင်းတွေလည်း စိတ်ဝင်စားမှု ရှိမယ်မထင်ဘူး”လို့ သူကဆိုပါတယ်။ဒါ့အပြင် ပြည်တွင်းရှိ နေရာ တော်တော်များများမှာ နယ်မြေတည်ငြိမ်မှု မရှိတာကြောင့် စစ်ကောင်စီရဲ့ “အ”သုံးလုံး ရည်မှန်းချက် အောင်မြင်မှုရှိမှာ မဟုတ်သလို ဟန်ပြအနေနဲ့သာ လုပ်ဆောင်ပြီး ရွေးကောက်ပွဲအတွက် ဒေသတွင်းအထိ စည်းရုံးရေး ဆင်းဖို့တွက် လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

အရင်က “အ”သုံးလုံး သင်တန်းတွေကိုတော့ တက္ကသိုလ်ကျောင်းပိတ်ရာသီတွေမှာ လုပ်ဆောင်လေ့ရှိပြီး တက္ကသိုလ် ဆရာ၊ ဆရာမတွေက ဦးဆောင်ကာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကျေးရွာတွေရှိ အတန်းပညာ မရှိသူတွေ၊ အတန်းပညာ နည်းတဲ့ သက်ကြီးပိုင်းတွေကို သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။

တဖက်မှာ စစ်ခေါင်ဆောင်ကတော့ ကျေးလက်နဲ့ အစွန်းအဖျား ဒေသတွေက ပြည်သူတွေကို အခြေခံမှတစ်ဆင့် စာတတ်မြောက်အောင် ဆောင်ရွက်ဖို့ လိုသလို၊ စာတတ်အောင်လုပ်ပြီးမှ အတန်းပညာမြင့်မားရေးကို ဆက်လက်လုပ်ဆောင်ရမယ်လို့ ပြောဆိုထားပါတယ်။

နိုင်ငံတကာပညာရေး စောင့်ကြည့်ရေး အဖွဲ့(GCPEA)ရဲ့ စက်တင်ဘာ ၉ ရက်နေ့ထုတ် အစီရင်ခံစာအရ ကမ္ဘာတဝန်းရှိ ပညာရေး တိုက်ခိုက်ခံရမှု ထိပ်ဆုံး နိုင်ငံစာရင်းတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်လာတယ်လို့ နိုင်ငံတကာဆိုင်ရာ ပညာရေး ကာကွယ်ရေးနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Twitter

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.