သိမ်းဆည်းရမိထားတဲ့ အီရန်လက်နက်ခဲယမ်းတွေကို ယူကရိန်းထံ အမေရိကန်ပေးပို့ 

ဝါရှင်တန် ၊ အောက်တိုဘာ(၆) 

ပြီးခဲ့တဲ့နှစ်က အမေရိကန်သိမ်းဆည်းရမိခဲ့တဲ့ အီရန်လက်နက်ခဲယမ်းတွေနဲ့ ကျည်ပေါင်း တစ်သန်းကျော်ကို ယူကရိန်းသို့ ပေးပို့ခဲ့တယ်လို့ အမေရိကန်စစ်တပ်က အောက်တိုဘာ ၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ 

အမေရိကန်ရေတပ်က ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ တိုက်ခိုက်ရေးသမားတွေ ရဲ့ လက်နက်ခဲယမ်းကျည်တွေကို ငါးဖမ်းသင်္ဘောတွေကနေ သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။ 

အရှေ့အလယ်ပိုင်း စစ်ရေးစစ်ဆင်ရေးတွေမှာ တာဝန်ရှိတဲ့ အမေရိကန်ဗဟိုဌာနချုပ်က ၇ ဒသမ ၆၂ မီလီမီတာ ကျည်ပေါင်း ၁ ဒဿမ ၁ သန်းနီးပါးကို ယူကရိန်းသို့ ပေးပို့ခဲ့ကြောင်း အတည်ပြု ပြောဆိုခဲ့ပါတယ်။ 

ဒီကျည်တွေနဲ့ လက်နက်ခဲယမ်းတွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ အမေရိကန်ရေတပ်မှ သိမ်းဆည်းရမိခဲ့တာ လည်းဖြစ်ပါတယ်။ 

အဲဒီလက်နက်ခဲယမ်းတွေကို အီရန်တော်လှန်ရေးအစောင့်တပ်တွေက ယီမင်ရှိ ဟူသီတပ်ဖွဲ့ တွေ ထံသို့ လွှဲ ပြောင်းပေးနေခဲ့တာ ဖြစ်ပါတယ်။ 

“အမေရိကန်နဲ့ ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ဟန့်တားမှုတွေ အပါအဝင် ဒေသတွင်းမှာ အီရန်ရဲ့ သေစေနိုင်တဲ့တိုက်ခိုက်ရေးအကူအညီတွေ စီးဆင်းမှုတွေကို တန်ပြန်ဖို့ မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ အမေရိကန်က ကတိပြုထားပါတယ်”လို့ စစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။ 

ယူကရိန်းရဲ့ အကူအညီလိုချင်နေတဲ့ ထိပ်ဆုံးစာရင်းထဲမှာ တာဝေးပစ်လက်နက်တွေနဲ့ လေကြောင်းရန်ကာ ကွယ်ရေးစနစ်တွေသာ ထိပ်ဆုံးမှာ ရှိနေတာကြောင့် စစ်မြေပြင်အတွက် အဲဒီခဲယမ်းမီးကျောက်တွေ ပံ့ပိုးမှုဟာ ကြီးကြီးမားမား ပြောင်းလဲမှုတွေ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။ 

ဒါ့အပြင်သိမ်းဆည်းထားတဲ့ ခဲယမ်းမီးကျောက်တွေ လွှဲပြောင်းပေးခြင်းဟာ ကိဗ်မြို့သို့ အနောက် နိုင်ငံမှ လက်နက်တွေ ဆက်လက်စီးဆင်းနိုင်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို ဖြေလျှော့ပေး နိုင်ဖွယ်မရှိပါဘူး။ 

ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဗြိတိန်တော်ဝင်ရေတပ်ဟာ အီရန်နိုင်ငံတောင်ဘက် နိုင်ငံတကာ ရေပိုင်နက်မှာ မှောင်ခိုသမားတွေထံကနေ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေ၊ အင်ဂျင်တွေ အပါအဝင် အီရန်လက်နက်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ပြောဆိုထားပါတယ်။ 

Ref: CNA /Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.