လောင်းလုံး၊ အောက်တိုဘာ (၅)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီ၊ပျူစောထီး ပူးပေါင်းတပ် တိုက်ခိုက်ခံရတာကြောင့် ၃ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တပ်အင်အား၂၀ နီးပါး တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီ၊ပျူစောထီးပူးပေါင်းတပ်ကို အောက်တိုဘာ ၄ ရက်နေ့ မနက် ၅ နာရီအချိန်လောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ သွားရောက် တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု အချိန် ၂ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရေတပ် စစ်သင်္ဘောကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးခဲ့သလို ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

တိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်ပျက်စီးတာနဲ့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

လောင်းလုံးမြို့နယ်မှာ အာဏာသိမ်းကာလအတွင်းစစ်ကောင်စီ တပ်စခန်း၊ ရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်တွေ မကြာခဏ တိုက်ခိုက်ခံနေရပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။

တနင်္သာရီတိုင်းမှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲအကြိမ်ရေ ၅၀ ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – LLPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.