မြိတ် ၊ အောက်တိုဘာ (၅)

တနင်္သာရီတိုင်းဒေသကြီးထဲမှာ ပြီးခဲ့တဲ့စက်တင်ဘာလ တစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က PDF ရဲဘော် ဆယ်နဲ့ချီ ကျဆုံးခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

အဲဒီလထဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ပိုများလာခဲ့တာ ဖြစ်ပါတယ်။

ဒေသအခြေစိုက် တနင်္သာရီတိုင်းမ်သတင်းဌာနတစ်ခုရဲ့ ဖော်ပြချက်အရ စက်တင်ဘာလအတွင်း PDF ရဲဘော် ၁၆ ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရသူ ၅ ဦး ရှိခဲ့သလို စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်းတပ်ဖွဲ့ဘက်က ၆၉ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံကတော့ PDF ရဲဘော်တွေဟာ တိုက်ပွဲတွေနဲ့ စခန်းတွေ စီးနင်းခံရတဲ့ ဖြစ်စဉ်တွေအပြင် စစ်ဆင်ရေးသွားစဉ် ဖမ်းဆီးသတ်ဖြတ်ခံရတာကြောင့် ကျဆုံးခဲ့ရတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်း မလုံလောက်တာ၊ စစ်တပ်ဘက်က ဗျူဟာပြောင်းပြီး ပြောက်ကျားစနစ်နဲ့ အင်အားအလုံးအရင်း ဝင်ရောက်တိုက်ခိုက်မှုတွေကြောင့် ကျဆုံးမှုတွေ ရှိလာခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

တဖက်မှာတော့ PDF တပ်ဖွဲ့တွေဟာ တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်း မလုံလောက်မှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ တပ်ဖွဲ့တွေ အချင်းချင်း ပူးဆောင်ရွက်မှု အားနည်းနေတဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ တနင်္သာရီတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စခန်းငယ်တွေနဲ့ ယာယီစခန်း ၃ ခု စီးနင်းတိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနဲ့အသုံးအဆောင်ပစ္စည်း ဆုံးရှုံးသွားတာတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.