ရန်ကုန် ၊ အောက်တိုဘာ (၅)

ဒီမိုကရေစီအနှစ်သာရတွေကို အပြည့်အဝရရှိနိုင်ဖို့ ဝိုင်းဝန်းကြိုးပမ်းနေဆဲမှာပဲ တကျော့ပြန် စစ်တပ်အာဏာသိမ်းမှုကြောင့် အကျိုးဆက်အနေနဲ့ မြန်မာပြည်သူတွေဟာ နေ့စဉ် လူမှုဒုက္ခတွေကို ရင်ဝယ်ပိုက်ပြီး ဖြတ်သန်းနေကြရပါတယ်။

ရွေးကောက်ပွဲ မဲမသမာမှုအကြောင်းပြချက်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ရဲ့ နိုင်ငံ့အာဏာသိမ်းယူမှုဟာ လမ်းမပေါ် ပြည်သူသန်းချီ ဆန္ဒပြပွဲကနေ အကျဉ်းထောင်တွင်း ဖမ်းဆီးနှိပ်စက်မှုတွေအလယ် ယမ်းငွေ့တွေကြား အိုးပစ်အိမ်ပစ် စွန့်ခွာထွက်ပြေးကြရတာပါ။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းမှု နှစ်နှစ်ခွဲကျော်ကာလအတွင်း ပြည်သူ (၁၉၆၀၀) ကျော် ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး အဲဒီထဲက (၇၆၀၀) ကျော်ဟာ ထောင်ဒဏ်ချမှတ်ခံထားရတာပါ။

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် လူမှုစီးပွားကလည်း ချွတ်ခြုံကျလာနေပြီး မြန်မာ့ငွေကြေးတန်ဖိုး နိမ့်ပါးကျဆင်းမှုနဲ့အတူ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အခြေခံလူတန်းစား ပြည်သူတစ်ရပ်လုံးက နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေရပါတယ်။

ဒီအပေါ်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ကျားကန်တဲ့အနေနဲ့ စစ်ကောင်စီ ဈေးလျော့ရောင်းခိုင်းတဲ့ စားအုန်းဆီ ၅၀ ကျပ်သား ရရှိဖို့ ပလတ်စတစ်ဗူးကိုယ်စီနဲ့ တန်းစီစောင့်ဆိုင်းနေကြတဲ့ လူတန်းရှည်ကြီးဟာ ရန်ကုန်မြို့မှာ အများဆုံးမြင်တွေ့နေရပြီး နယ်က မြို့ပေါ်ရပ်ကွက်တွေမှာလည်း အလားတူဖြစ်ပါတယ်။

မော်လမြိုင်မြို့ခံတစ်ဦးက “အလုပ်အကိုင်ရှားပါးတဲ့သူတွေအဖို့ အနည်းငယ်တော့ ခက်ခဲကြတာပေါ့။(စားဆီ) လာရောင်းတဲ့အချိန်မှာကျတော့လည်း ခက်ခဲတဲ့သူတွေလောက်ပဲ လာဝယ်ကြတာပါ။တော်ရုံတန်ရုံ စားနိုင်သောက်နိုင်ကြသူတွေလည်း ကိုယ်ချင်းစာပြီး မယူကြပါဘူး။ တော်တော်များများတော့ ကျွန်တော်တို့ ဘက်ခြမ်းမှာပေါ့”လို့ သူကဆိုပါတယ်။

သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar ရဲ့ စစ်တမ်းတွေအရ နိုင်ငံတဝန်းရှိ မြို့နယ် (၁၁၀) ထဲက (၁၀၆ )မြို့နယ်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒုက္ခကို ရင်ဆိုင်နေရပြီး လျှပ်စစ်မီးပြတ်တောက်ခြင်းကလည်း ဒုတိယအများဆုံးရင်ဆိုင်နေရတာလို့ အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် စိတ်လုံခြုံမှု မရှိခြင်းဒုက္ခကိုတော့ စစ်တမ်းကောက်ယူထားတဲ့ ၉၂ မြို့နယ်မှာ တတိယအများဆုံး ကြုံတွေ့နေရပြီး အလုပ်အကိုင်ရှားပါးခြင်းနဲ့ အင်တာနက်ပြတ်တောက်မှုကလည်း အများဆုံးရင်ဆိုင်နေရတဲ့ ဒုက္ခတွေလို့ ISP-Myanmar က ဆိုပါတယ်။

နယ်ကနေ ရန်ကုန်မြို့ကို တက်လာပြီး နိုင်ငံခြားထွက်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တစ်ဦးကတော့ အာဏာသိမ်းမှုကြောင့် ရင်ဆိုင်နေရတဲ့ လူမှုအခက်အခဲတွေကို အခုလို ပြောပြပါတယ်။

“ဒီနိုင်ငံရေးအခြေအနေကြောင့် ညီမရဲ့ အရင် ကယ်ရီယာ (သက်မွေးဝမ်းကျောင်း) ကနေ ချိန်းလိုက်ရတဲ့ဟာတွေ ရှိတယ်။အဲဒါကျတော့ နိုင်ငံခြားကို ထွက်ပြီး အလုပ်ရှာတာပေါ့။ဘာလို့ဆို ဒီနိုင်ငံရေးအခြေအနေကြောင့် နိုင်ငံခြားကုမ္ပဏီတွေကလည်း ဒီနိုင်ငံကနေ ထွက်သွားတယ်။ပြည်တွင်းကုမ္ပဏီတွေကလည်း သိပ်ပြီး မခေါ်ကြဘူး။လစာကလည်း နည်းနည်းလေးနဲ့ ညီမတို့အတွက် အဆင်မပြေဘူး။၂ သိန်းခွဲ ၃ သိန်းလောက်နဲ့ အလုပ်အကိုင်တွေကလည်း ရှားပါးတယ်။ရတဲ့လစာ နည်းနည်းလေးဆိုတော့ နိုင်ငံခြားထွက်ဖို့ ရွေးချယ်လိုက်ရတာပေါ့”လို့ သူကဆိုပါတယ်။

တရားဥပဒေစိုးမိုးမှုကလည်း အားနည်းလာနေတဲ့အတွက် ခိုးဆိုးလုယက်မှုတွေ ဓားပြတိုက်မှုတွေဟာ ရန်ကုန်မြို့ကြီးတွေအပြင် မြို့နယ်အများစုမှာ ပေါ်ပေါ်ထင်ထင်ဖြစ်နေတာကြောင့် စိတ်ရောကိုယ်ပါ မလုံခြုံမှု ပြဿနာကို ပြည်သူတွေ အကြီးအကျယ် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

CDM မှာ ပါဝင်နေတဲ့ ကျောင်းဆရာမတစ်ဦးကတော့ အကြောင်းတစ်ခုခုနဲ့ သွားလာတာတောင် ကိုယ့်ဘာသာ စိတ်မချဖြစ်ပြီး ဘယ်တော့ ပါသွားမလဲဆိုတဲ့ စိတ်က လုံးဝမလုံခြုံဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တစ်နေရာရာသွားမယ်၊ လူမှုရေးကိစ္စနဲ့ ပတ်သက်ပြီး သာရေးနာရေး အဲဒီလိုမျိုး အရေးအကြောင်းတစ်ခုခုဆိုရင် သွားလိုက် လာလိုက်ဆိုရင် ကိုယ့်ဟာနဲ့ကိုယ် စိတ်မချဘူး။ဘယ်တော့ ပါသွားမလဲပေါ့နော်။ဒါမှ မဟုတ်ရင်လည်း တစ်ယောက်ယောက် ကိုယ်နဲ့ သိတဲ့လူက သတင်းတွေ ဘာတွေပေးဆို‌တော့ ကိုယ့်ဟာနဲ့ကိုယ် စိတ်ကတော့ လုံးဝမလုံခြုံဘူး။ကိုယ်ကိုယ်တိုင်က သူခိုးမဟုတ်ဘဲနဲ့ သူခိုးလိုနေနေရတာ၊ အဲဒါကတော့ အဆိုးဆုံးပဲ”လို့ သူကဆိုပါတယ်။

World Justice Project (WJP) ရဲ့ တရားဥပဒေစိုးမိုးရေးညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ ၂၀၁၉ တုန်းက နိုင်ငံပေါင်း (၁၄၀) မှာ အဆင့် (၁၁၀) ရှိခဲ့ရာကနေ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်မှာတော့ အဆင့် (၁၃၂) အထိ ကျဆင်းသွားခဲ့တယ်လို့ ဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်မှာ ကဏ္ဍပေါင်းစုံ ယိုးယွင်းပျက်စီးလာနေတဲ့အပေါ် ပြည်မလို မြို့ကြီးပြကြီးတွေနဲ့ နယ်မြေတည်ငြိမ်မှုရှိတဲ့ ဒေသတွေမှာတော့ မစို့တပို့ ခုသာခံသာရှိကြပေမယ့် စစ်ရေးပြင်းထန်တဲ့ ဒေသတွေမှာတော့ ပိုမိုဆိုးရွားစွာ အလူးအလဲခံစားနေကြရတာပါ။

ခုခံတော်လှန်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာတော့ လုံခြုံရေးအရ ကုန်စည်သယ်ယူပို့ဆောင်ရာမှာ စစ်ကောင်စီဂိတ်က ဆက်ကြေးတောင်းသလောက် ပေးရတဲ့အတွက် ကုန်စည်ဈေးမြင့်မှုဒဏ်ကို ပြည်သူတွေ ခံရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက သံလွင်တိုင်မ်းကို ပြောပါတယ်။

“လုံခြုံရေးအရ ကုန်စည်သယ်ယူပို့ဆောင်ရေးနေရာတွေမှာ စကစဂိတ်တွေ အရမ်းများတဲ့အခါ မထင်ရင် မထင်သလို ရစ်ပြီး ရှာဖွေဖျက်ဆီးတာမျိုး ရှိတယ်။ မဖျက်ဆီးဖို့ဆို သူတို့တောင်းသလောက် ပိုက်ဆံပေးရတာ ရှိတယ်။သူတို့ဂိတ်တွေ များသလောက် တောင်းသလောက် ပေးရတဲ့အခါကျတော့ ကုန်သည်တွေက သူတို့ပေးရတဲ့အပေါ် ကုန်စည်မှာ ဈေးနှုန်းတက်သွားတဲ့အတွက် စားသုံးသူ ပြည်သူတွေမှာတော့ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းဒဏ်ကို ခံရတယ်”လို့ သူကဆိုပါတယ်။

အခုလို စစ်အာဏာရှင်စနစ်ဆိုးရဲ့ ယန္တရားအောက်မှာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ နေ့စဉ်ရင်ဆိုင်နေရတဲ့ အမျိုးမျိုးသော လူမှုဒုက္ခအကျပ်အတည်းတွေဟာ အာဏာရှင်စနစ် မပြုတ်မချင်း တဝမ်းတခါးအတွက် ကိုယ်စီရုန်းကန်ရှင်သန်ရင်း သောကပင်လယ်ဝေနေဦးမှာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – World Bank (ဓာတ်ပုံအဟောင်းဖြစ်သည်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.