မော်လမြိုင် – အောက်တိုဘာ(၅)

အာဏာသိမ်းစစ်ကောင်စီဟာ တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိသလို စီးပွားရေးကိုလည်း စီမံခန့် ခွဲနိုင်တာမရှိဘူးလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

အောက်တိုဘာလ (၂) ရက်နေ့ကနေ (၄) ရက်နေ့အထိ ကျင်းပခဲ့တဲ့ (၇၈) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခဲ့၊ ဒုတိယ ကော်မတီ (စီးပွားရေးနဲ့ ဘဏ္ဍာရေး)ရဲ့ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု (General Debate) မှာပြောခဲ့တာပါ။

“စစ်အာဏာရှင်တွေဟာ တိုင်းပြည်ကို အုပ်ချုပ်နိုင်ခြင်း(သို့) စီးပွားရေးကို စီမံခန့်ခွဲနိုင်ခြင်း မရှိ သလို သူတို့ဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ပေးစွမ်းနိုင်စွမ်းမရှိဘူး” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ ဘဝနေထိုင်ရေးဟာ စိုးရိမ်ဖွယ်အခြေအနေ ကိုရောက်နေပြီဖြစ်သလို စစ်တပ်ရဲ့ ရက်စက်မှုတွေကြောင့် လူပေါင်းနှစ်သန်းနီးပါး ပြည်တွင်း နေရပ် စွန့်ခွာထွက်ပြေးနေရပြီး လူပေါင်း(၁၈) သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတယ်လို့ သူကပြောပါသေးတယ်။

စစ်တပ်ရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် မြန်မာ့စီးပွားရေးဟာ မတည်မငြိမ်ဖြစ်ပြီး မှန်းဆမရနိုင်တဲ့ အခြေအနေကို ရောက်ရှိနေသလို ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားတာ၊စျေးနှုန်းတွေ တဟုန်ထိုး တိုးတက်တာ၊လျှပ်စစ်မီးမကြာခဏပြတ်တောက်မှုတွေ၊စားနပ်ရိက္ခာရှားပါးတာ၊ဆေးရုံ ဆေးပေးခန်းနဲ့ စာသင်ကျောင်းတွေဖျက်ဆီးခံရတဲ့ အခက်အခဲတွေနဲ့ ပြည်သူတွေရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အဲဒီအခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို အပြည့်အဝဖြေရှင်းဖို့ တစ်ခု တည်းသောနည်းလမ်းမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ကျူးလွန်သူတွေကိုတာဝန်ခံမှုရှိလာစေဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လိုအပ်တဲ့ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ပံ့ပိုးပေးဖို့အတွက် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း၊တခြားမိတ်ဖက်တွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.