ကျောက်ကြီး ၊ အောက်တိုဘာ (၅)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ – ၃ ၊ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုနဲ့ မြေမြှုပ်မိုင်းကြောင့် ပြီးခဲ့တဲ့လအတွင်း အရပ်သား ၂ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ လယ်ဒို(ကျောက်ကြီး)မြို့နယ်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်က ပြည်သူလူထုကို ရည်ရွယ်ပြီး လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာ၊ မိုင်းထောင်တာ၊ စစ်ကြောင်းထိုးတာ၊ ဖမ်းဆီးချုပ်နှောင်တာ၊ ရပ်ရွာလူထုတွေကို လူသားဒိုင်းသဖွယ် အသုံးပြုနေတာ စတာတွေကို စဉ်ဆက်မပြတ် ပြုလုပ်နေလျက်ရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်နေ့အတွင်း စစ်ကောင်စီရဲ့ လေတပ်အပါအဝင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ကွပ်ကဲမှုအောက်ရှိ အမြောက်တပ်နဲ့ ကြည်းတပ်တွေက လက်နက်ကြီးတွေနဲ့ ကျေးရွာတွေအပေါ် ပစ်ခတ်မှု ၈၆ ကြိမ်၊ ရပ်ရွာလူထုနေရာတွေမှာ မိုင်းထောင်တာ၊ ပြည်သူလူထုပိုင်ဆိုင်တဲ့ တိရိစ္ဆာန်တွေကို ထိခိုက်ပျက်စီးသေဆုံးစေဖို့ လုပ်ဆောင်ခဲ့တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ မိုင်းထောင်မှုတွေကြောင့် စက်တင်ဘာလ ၁ လအတွင်း ကျောက်ကြီးမြို့နယ်ထဲမှာ အမျိုးသား ၂ ဦး သေဆုံးပြီး အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၇ ဦး ဒဏ်ရာရရှိခဲ့ကာ ပြည်သူနေအိမ် ၉ လုံး၊ ဘုန်းကြီးကျောင်း တစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ဆိုပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုအပေါ်မှာ လူအခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်နေပြီး မြို့နယ်အတွင်းရှိ ပြည်သူလူထုတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး လူမှုဘဝလုံခြုံမှု ကင်းမဲ့နေလျက်ရှိနေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဆိုထားပါတယ်။

ပြည်သူလူထုအပေါ် ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်နေမှုတွေကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပြီး အကြမ်းဖက်မှုလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့၊ စစ်ဘေးရှောင်ပြည်သူလူထုတွေရဲ့ လုံခြုံမှုနဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စတာတွေအတွက် လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ တောင်းဆိုထားပါတယ်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ရဲ့ ထုတ်ပြန်ထားတဲ့ စာတမ်းအရ KNU ညောင်လေးပင်ခရိုင် တပ်မဟာ- ၃ နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ နှစ်သိန်းကျော်အထိ ရှိလာတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNUပုံစာအညွန်း- KNU ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထွက်‌ပြေးတိမ်းရှောင်ရစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.