ကော့ကရိတ်၊ အောက်တိုဘာ (၅)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အံဖကြီးကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက အောက်တိုဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီ အမှတ်(၉၇) ခြေလျင်တပ်ရင်းကနေ အောက်တိုဘာ ၃ ရက်နေ ညနေ ၈ နာရီအချိန်လောက်မှာ တိုက်ပွဲမရှိဘဲ အံဖကြီးကျေးရွာထဲကို လက်နက်ကြီး ၃ လုံး အကြောင်းမဲ့ ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အံဖကြီးကျေးရွာနေ ဦးမြအေး၊ ဦးသိန်းတင်နဲ့ ဒေါ်မယ်တင်အေးတို့ နေအိမ်တွေ ထိမှန်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့သလို ဒေါ်မယ်တင်အေးမှာလည်း ဝမ်းဗိုက်ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးအခြေစိုက် စစ်ကောင်စီ အမှတ်(၃၂) ခြေလျင်တပ်ရင်းကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၁) ရပ်ကွက်ရှိ ဒေသခံပြည်သူပိုင် နေအိမ် ၂ လုံး ထိမှန်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါတယ်။

KUN တပ်မဟာ (၆) အုပ်ချုပ်နယ်မြေမှာ ပါဝင်တဲ့ ကော့ကရိတ်နဲ့ကြာအင်းဆိပ်ကြီးမြို့နယ်တို့မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်တာ၊ ပြည်သူပိုင်နေအိမ်တွေကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးပြီး ပစ္စည်းယူဆောင်သွားတာ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ နေ့စဉ်နဲ့အမျှ ကျူးလွန်လျက်ရှိတယ်လို့ KNU က ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.