ဖာပွန်၊ အောက်တိုဘာ(၄)

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် အုပ်ချုပ်နယ်မြေထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအ တွင်း နှစ်ဖက်တိုက်ပွဲပေါင်း ၈၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ(၅)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း စစ်ကောင်စီ၊ BGF တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲမှာ စစ်အုပ်စုဘက်က ၃၉ ဦးသေဆုံးပြီး ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးအပါအ ဝင် ၄၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်က ၅ ဦးကျဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလထဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးကျည် အလုံးပေါင်း ၂၀ ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် သွာခိုလော်ရွာက အဘွားအိုတစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ရသလို စစ်ကောင်စီတပ်က ဖာပွန်မြို့ခံတစ်ဦးကိုလည်း ပစ်သတ်သွားခဲ့တယ်လို့ KNU က ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်အတွင်း KNU ဖာပွန်ခရိုင်ထဲက လူသောမြို့နယ် ကော်ရိုဘောထာ၊ သေသူးခီး၊ ဒေဘိုးနို၊ တာခဲဒဲ၊ ဂယ်ယူဒဲဒေသနဲ့ ဒွယ်လိုးမြို့နယ် ထီးကော်ထာကျေးရွာတွေထဲကို စစ်ကောင်စီက စစ်သုံးလေယာဉ်နဲ့ ၁၀ ကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး ပစ်ခတ်မှုထဲမှာ ပေါင် ၅၀၀ ကျော်ရှိ ကလက်စ်တာဗုံး ၂၃ လုံးနဲ့ စက်လတ်သေနတ်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထီးကော်ထာအလယ်တန်းကျောင်းက အသက် ၁၅ နှစ်အောက်ရှိ ကျောင်းသားကျောင်းသူ ၃ ဦး၊ ကျောင်းကော်မတီဝင်တစ်ဦး သေဆုံးခဲ့ပြီး ကျောင်းသူကျောင်းသား၊ ဆရာဆရာမတွေနဲ့ ရွာသားတွေအပါအဝင် စုစုပေါင်း ၈ ဦး ဒဏ်ရာရရှိခဲ့သလို ဘာသာရေးအဆောက်အဦး ၂ လုံး၊ စာသင်ဆောင် ၁ ဆောင်၊ လူနေအိမ် ၁၂ လုံး ထိမှန်ပျက်စီးခဲ့ကာ အိမ်မွေးတိရစ္ဆာန် ၅ ကောင်လည်း သေဆုံးသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်က အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေ အရှိန်မြင့်ပိုမိုလုပ်ဆောင်လာခဲ့တဲ့အတွက် KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်အရေအတွက် ၉၀၀၀၀ နီးပါး ရှိတယ်လို့ ကရင်ငြိမ်းချမ်းရေးကွန်ရက် KPSN က ထုတ်ပြန်ထားတဲ့ စာတမ်းအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.