မော်လမြိုင်၊ အောက်တိုဘာ(၄)

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးအရ တရားဝင်တဲ့ စစ်တပ်မဟုတ်တဲ့အတွက် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးဖို့ လုံးဝမရှိဘူးလို့ KNU ဗဟိုဌာနချုပ်က အောက်တိုဘာ ၂ ရက်နေ့မှာ ပြတ်ပြတ်သားသား ထပ်မံတုံ့ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က နေပြည်တော်မှာ KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်ခေါင်းဆောင်ဦးဆောင်တဲ့အဖွဲ့တို့ ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာမှုအပေါ် အခုလိုတုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

KNU ဥက္ကဌဟောင်းနဲ့ စစ်ခေါင်းဆောင်တို့အကြားတွေ့ဆုံမှုဟာ စစ်ကောင်စီက KNU အဖွဲ့အစည်းထဲမှာ ရှုပ်ထွေးမှုဖြစ်အောင် ပြုလုပ်တဲ့လုပ်ရပ်ဖြစ်သလို အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ဖို့အတွက် တိုက်ပွဲဝင်နေတဲ့ မဟာမိတ်အင်အားစုတွေအကြား နားလည်မှုလွဲမှားစေဖို့အတွက် လုပ်ဆောင်တဲ့ စစ်တပ်ရဲ့အစီအစဉ်သာဖြစ်တယ်လို့ KNU က ပြောပါတယ်။

ဒါကြောင့် နိုင်ငံရေးအရ တရားဝင်တဲ့ စစ်တပ်မဟုတ်တဲ့အတွက် တွေ့ဆုံဆွေးနွေးဖို့လုံးဝမရှိဘူးလို့ ၁၇ ကြိမ်မြောက် KNU ကွန်ဂရက်အပြီး ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ KNU ရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း အတိအလင်းထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင်အဖွဲ့နဲ့ တွေ့ဆုံတဲ့အထဲ KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့အတူ KNU-CEC ဟောင်း ပဒိုစောရော်ဂျာခင်၊ ဒူးပလာယာခရိုင်ဥက္ကဌတာဝန်ကနေ အနားယူထားတဲ့ ပဒိုစောရွှေမောင်းတို့ ပါဝင်ခဲ့ကြပြီး ဒီတွေ့ဆုံမှုဟာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပတ်သက်မှုလုံးဝမရှိဘူးလို့ KNU က ထုတ်ပြန်ပြောဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့လည်း မိမိနိုင်ငံရေး ရည်မှန်းချက် အောင်မြင်ဖို့အတွက် ဘဝတူတော်လှန်ရေးအင်အားစုတွေနဲ့အတူ မားမားမတ်မတ်ရပ်တည်ပြီး တစိုက်မတ်မတ် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဟာ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး ခုခံတော်လှန်နေတဲ့ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.