ရေး၊ အောက်တိုဘာ(၄)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းမှာ အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း ကျားဖောင်ရေလုပ်သားတွေ ဥပဒေမဲ့သတ်ဖြတ်ခံမှု ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ကျားဖောင်ရေလုပ်သားတွေဟာ လုပ်ငန်းခွင်အတွင်း ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရတာ၊ လူကုန်ကူးခံရပြီး အလုပ်မလုပ်နိုင်လို့ ထွက်ပြေးသူတွေကို ပွဲစားတွေက လူမိုက်ငှားရမ်းကာအုပ်စုဖွဲ့ ရိုက်နှက်သတ် ဖြတ်ခံရတာအပြင် ဥပဒေမဲ့သတ်ဖြတ်မှုတွေနဲ့ ကြုံနေရတာပါ။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ အခုနှစ်အတွင်း ကျားဖောင်ရေလုပ်သား ၂၀ ထက်မနည်း အပြင်းအထန် ရိုက်နှက်နှိပ်စက်ခံခဲ့ရသလို လက်သည်မပေါ်ဘဲ သေဆုံးသွားသူ ၁၀ ဦးထက်မနည်း ရှိလာခဲ့ပါတယ်။

သတ်ဖြတ်ခံလိုက်ရတဲ့ ကျားဖောင်ရေလုပ်သားတွေကို ရေးမြစ်၊ အစင်ချောင်းနဲ့ ရော်ဘာခြံတွေမှာ လက်သည်မပေါ်ဘဲ သေဆုံးသွားတဲ့အလောင်းတွေအဖြစ် မကြာခဏတွေ့ရှိလာတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ကလည်း ရေးမြို့နယ် အဘော်ကျေးရွာအနီး ကျားဖောင်ရေလုပ်သားတစ်ဦးလို့ ယူဆရတဲ့ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး ဖမ်းဆီးရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းကို ရော်ဘာခြံတစ်ခုအတွင်း ပြန်လည်တွေ့ရှိခဲ့တာပါ။

ကျားဖောင်ရေလုပ်သားတွေ မကြာခဏသတ်ဖြတ်ခံရပေမယ့် စစ်ကောင်စီရဲတပ်ဖွဲ့ဘက်က ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူတာတွေ မရှိသလောက်နည်းပါးနေတဲ့အတွက် ဥပဒေအကာအကွယ် ဆုံးရှုံးနေရတယ်လို့ ကျားဖောင်ရေလုပ်သားတွေက ပြောဆိုပါတယ်။

မွန်ပြည်နယ်အတွင်း လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ ကျားဖောင်လုပ်သားတွေဟာ ဧရာဝတီ၊ ပဲခူးနဲ့ ရန်ကုန်တိုင်းတို့ကအများစုဖြစ်ပြီး သူတို့တွေဟာ လနဲ့ချီပင်လယ်ပြင်မှာ ငါးဖမ်းလုပ်ငန်းတွေ လုပ်ကိုင်စဉ် ညှဉ်းပန်းနှိပ်စက်ခံနေရတာပါ။

နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ကျားဖောင်ရေလုပ်ငန်းကို NLD အစိုးရလက်ထက်တုန်းက ဥပဒေတစ်ရပ် ရေးဆွဲဖို့နဲ့ စနစ်တကျထိန်းကြောင်းဖို့ လွှတ်တော်အတွင်း ဆွေးနွေးအတည်ပြုတာတွေ ရှိခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာတော့ ကျားဖောင်ရေလုပ်သားတွေဟာ ဥပဒေအကာအကွယ် လုံးဝဆုံးရှုံးနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.