FILE PHOTO: People shout slogans during a protest against the military coup in Myanmar, outside Myanmar's embassy in Jakarta, Indonesia February 5, 2021. REUTERS/Willy Kurniawan/File Photo

ဂျာကာတာ ၊ အောက်တိုဘာ(၅)

မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေဖြစ်ပွားနေချိန်မှာပဲ အင်ဒိုနီးရှားရဲ့ နိုင်ငံပိုင်ကုမ္ပဏီတွေကနေ စစ်ကောင်စီထံ လက်နက်ရောင်းချခဲ့မှုအပေါ် စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက အောက်တိုဘာ ၃ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံပိုင်ကုမ္ပဏီတွေက လက်နက်ထုတ်လုပ်သူ  ၃ ဦးဟာ စစ်ကောင်စီကို စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချခဲ့တယ်ဆိုပြီး လူအခွင့်အရေးအဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ တနင်္လာနေ့မှာ အင်ဒိုနီးရှားအစိုးရထံ တိုင်ကြားစာ ပေးပို့ခဲ့တာပါ။

တိုင်ကြားစာတင်ပို့တဲ့အဖွဲ့တွေထဲမှာ မြန်မာအဖွဲ့အစည်းနှစ်ဖွဲ့ဖြစ်တဲ့ ချင်းလူ့အခွင့်အရေးအဖွဲနဲ့ တာဝန်ခံမှုရှိ စေရေး မြန်မာပရောဂျက်အဖွဲ့၊ အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်းနဲ့ လူ့အခွင့်အရေးရှေ့နေ မာဆူကီဒါရူစမန်တို့ ပါဝင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေရဲ့ ဥပဒေအကြံပေး ဖာရီအမ်ဆာရီက ပြောပါတယ်။

တိုင်ကြားခံရတဲ့ ကုမ္ပဏီသုံးခုဟာ အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ PT Pindad (ပီတီပင်ဒက်)၊ နိုင်ငံပိုင်သင်္ဘောထုတ်လုပ်ရေးကုမ္ပဏီ PT PAL နဲ့ လေယာဉ်ထုတ်လုပ်တဲ့ကုမ္ပဏီ PT DI တို့က မြန်မာစစ်တပ်ထံ စစ်လက်နက်နဲ့ဆက်စပ်ပစ္စည်းတွေကို စစ်အစိုးရဝန်ကြီးတစ်ဦးသားဖြစ်သူ ပိုင်ဆိုင်တဲ့ True North လို့ အမည် ပေးထားတဲ့ မြန်မာကုမ္ပဏီမှတစ်ဆင့် တင်ပို့ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

PT Pindad (ပီတီပင်ဒက်) နဲ့PT PAL တို့ကတော့ ရိုက်တာရဲ့မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခဲ့ ခြင်းမရှိပါဘူး။

ဒါပေမယ့် PT(ပီတီပင်ဒက်) ရဲ့ ဒါရိုက်တာဖြစ်သူက ၂၀၁၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းတွေရောင်းချခြင်း မရှိတော့ကြောင်း အစောပိုင်းကာလတွေမှာ မီဒီယာတွေကို ပြောကြားခဲ့ဖူးပါတယ်။

PT DI ကလည်း မြန်မာနိုင်ငံ ဒါမှမဟုတ် မြန်မာနဲ့ပတ်သက်တဲ့ သွယ်ဝိုက်တဲ့ ဘယ်လိုတတိယအဖွဲ့အစည်းနဲ့မျှ ဘယ်စာချုပ်ကိုမှ ချုပ်ဆိုထားခြင်းမရှိကြောင်း ပြောကြားခဲ့တာပါ။

True North မြန်မာကုမ္ပဏီကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို တစ်စုံတစ်ရာ တုံ့ပြန်ခဲ့ခြင်းမရှိပေမယ့် ရိုက်တာသတင်းဌာနရဲ့ တွေ့ရှိချက်အရ အဲဒီကုမ္ပဏီရဲ့ပရိုဖိုင်မှာ အင်ဒိုနီးရှားလက်နက်ထုတ်လုပ်သူ ၃ ဦးကို “မဟာဗျူဟာမြောက်မိတ်ဖက်တွေ” အဖြစ် သတ်မှတ်ဖော်ပြထားကြောင်း  တွေ့ရတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းပွဲတွေ အဆင်ပြေချောမွေ့စေဖို့ မျှော်လင့်ချက်နဲ့ မြန်မာစစ်တပ်နဲ့ အတိုက်အခံ နှစ်ဖက်စလုံးကို ထိတွေ့ဆက်ဆံ ကြိုးပမ်းမှုတွေ ရှိခဲ့တာပါ။

အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ထံ စစ်လက်နက်တွေစီးဆင်းမှုဟန့်တားဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး တောင်းဆိုတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံဆုံးဖြတ်ချက်ကို အင်ဒိုနီးရှားက ထောက်ခံမဲပေးခဲ့တာလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ တိုင်ကြားချက်ကို စုံစမ်းနေတယ်လို့ ပြောဆိုခဲ့ပြီး ကာကွယ်ရေးဝန်ကြီးကတော့ တုံ့ပြန်ဖို့ငြင်းဆိုခဲ့ပါတယ်။

အင်ဒိုနီးရှားလူ့အခွင့်အရေးကော်မရှင်က နိုင်ငံပိုင်လုပ်ငန်းတွေဟာ အစိုးရရဲ့ထိန်းချုပ်မှုနဲ့ ကြီးကြပ်မှုအောက်မှာ ရှိနေတာကြောင့် စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိတယ်လို့ ရှေ့နေဟောင်း ဒါရူစမန်က ပြောကြားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ဟာ အနည်းဆုံး အမေရိကန်ဒေါ်လာ တစ်ဘီလီယံတန်ဖိုးရှိ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို ရုရှား၊ တရုတ်၊ စင်ကာပူ၊ ထိုင်းနဲ့ အိန္ဒိယတို့မှ တင်သွင်းခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က မေလမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.