ပခုက္ကူ၊ အောက်တိုဘာ(၄)

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ယာကြီးပြင်ကျေးရွာအနီးမှာ အောက်တိုဘာ ၃ ရက်နေ့က ကား ၇၃ စီးပါ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ ထံကနေ သိရပါတယ်။

ပခုက္ကူအခြေစိုက် စစ်ကောင်စီတပ်မ (၁၀၁) ကနေ ရိက္ခာအပြည့်နဲ့ စစ်ကြောင်းချီတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ယာကြီးပြင်ကျေးရွာ အရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ယာဉ်တန်းရှေ့ပွိင့်က စကစတပ်ဖွဲ့ဝင်တွေ ယာကြီးပြင် ပျူရွာကနေ တက်လာတာကို အုန်းတောတံတား အနောက်ထိပ်မှာ တိုက်ခိုက်ခဲ့တာပါ၊ စစ်ကောင်စီဘက်က ၃ ဦး နေရာမှာပဲ သေသွားတယ်” လို့ မြိုင်ပကဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်မ (၇၄)မှ ဗိုလ်အဆင့်ရှိသူတစ်ဦးနဲ့ တပ်မ (၁၀၁) မှ တပ်သား ၂ ဦး နေရာမှာပဲ သေဆုံးသွားပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ရှေ့မတိုးနိုင်တာကြောင့် အုန်းတောတောင်ကျေးရွာကို ဝင်ရောက်မီးရှို့စဉ် ပဒေသာမိုင်းပေါက်ကွဲခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး ထပ်မံသေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေအဆိုအရ ကား ၇၃ စီးပါ စစ်ကောင်စီယာဉ်တန်းမှာ ကားအစီး ၄၀ လောက်ဟာ စစ်ကောင်စီတပ်က ပေါ်တာအဖြစ် ဆွဲထားတဲ့ ပြည်သူပိုင် ဖောကားတွေ ဖြစ်တယ်လို့ သိရပါတယ်။

ကား ၇၃ စီးပါ စစ်ကောင်စီယာဉ်တန်းဟာ ဂန့်ဂေါမြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်စခန်းတချို့ကို ရိက္ခာဖြတ်တောက်ထားတာ ခြောက်လကျော်ကြာမြင့်နေပြီး ဖြစ်တဲ့အတွက် ဒီနေရာတွေကို ရိက္ခာပို့မယ့် ယာဉ်တန်းလို့ ယူဆရပါတယ်။

အဲဒီစစ်ကောင်စီယာဉ်တန်းကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တပ်ရင်း ၃ နဲ့ ဗိုလ်တစ္ဆေတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီယာဉ်တန်း စစ်ကြောင်းချီတက်လာကြောင့် ပခုက္ကူ- ပေါက်လမ်းပိုင်းက ကျေးရွာ ၁၈ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရဲကြသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကစပြီး စစ်ကောင်စီယာဉ်တန်း ချီတက်လာတဲ့ ပခုက္ကူ -ပေါက်လမ်းပိုင်းနဲ့ ပုသိမ်-မုံရွာ လမ်းပိုင်းမှာရှိတဲ့ ပေါက်-ဆိပ်ဖြူလမ်းပိုင်းတွေကို အသုံးမပြုကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – Pauk Newsletter page

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.