ဘန်ကောက်၊ အောက်တိုဘာ(၅)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ နာမည်ကြီး ဆီယမ်ပါရာဂွန် ဈေးဝယ်စင်တာမှာ အသက် ၁၄ နှစ် အရွယ် လူငယ်တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံသားတစ်ဦးနဲ့ မြန်မာရွှေ့ပြောင်း လုပ်သား တစ်ဦးတို့ သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းအခြေစိုက်သတင်းဌာနတွေရဲ့ဖော်ပြ ချက်အရ သိရပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ အဲဒီပစ်ခတ်မှုအတွင်း ကနဦးမှာ ရဲတပ်ဖွဲ့ဘက်က ၃ ဦးသေဆုံးတယ်လို့ သိရှိထားပေမယ့် သေဆုံးသူ ၂ ဦးသာ ရှိပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တာပါ။

ပစ်ခတ်မှုအတွင်း တရုတ်အမျိုးသမီးဟာ အခင်းဖြစ်ပွားရာနေရာမှာပဲ အသက်သေဆုံးခဲ့တာဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားဖြစ်တဲ့ မြန်မာအမျိုးသမီးကတော့ ဒဏ်ရာတွေကြောင့် ဆေးရုံရောက်ချိန်မှာ အသက်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးကို ရဲတပ်ဖွဲ့အထွေထွေဆေးရုံသို့ ပို့ဆောင်ထားပြီး တစ်ဦးကို ချူလာလောင်ကွန်ဆေးရုံနဲ့ နောက်တစ်ဦးကိုတော့ ဟိုဟာချီအူ ဆေးရုံကို ပို့ဆောင်ထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ဖမ်းဆီးရမိခဲ့တဲ့ သေနတ်သမား လူငယ်ဟာ ဆီယမ်ပါရာဂွန် ဈေးဝယ်စင်တာအနီးမှာရှိတဲ့ ကျူရှင်ကျောင်းတစ်ခုရဲ့ ကျောင်းသားတစ်ဦးဖြစ်သလို ကွန်ပျူတာ သေနတ်ပစ်ဂိမ်း စွဲလန်းနေသူ ဖြစ်တယ်လို့ သိရပါတယ်။

သေနတ်သမားကိုတော့ ပထုန်ဝမ်ရဲစခန်းမှာ ဥပဒေကြောင်းအရ စစ်ဆေးဖို့ ဖမ်းဆီးထိန်းသိမ်းထားသလို မိဘဖြစ်သူတွေ ဖြစ်တဲ့ ပါမောက္ခတွေကိုလည်း စခန်းထံ ခေါ်ဆောင်ထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြထားတာပါ။

အသက် ၁၄ နှစ်အရွယ် သေနတ်သမားရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာတော့ သေနတ်နဲ့ဆက်စပ်ပစ္စည်းမျိုးစုံနဲ့ ကျည်ဆန်တွေအပြင် ကျည်ခွံတွေကို သိမ်းဆည်းရမိထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဘက်က ထုတ်ဖော်ပြောဆိုထားပါတယ်။

ပစ်ခတ်မှုအတွင်း သေဆုံးသွားနေတဲ့ အသက် ၃၁ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သား မမိုးမြင့်ဟာ သူဌေး အားကိုးရတဲ့ သူဖြစ်ပြီး ဘာသာစကား ၃ မျိုး ပြောတတ်ကာ အိမ်ကို ပိုက်ဆံပုံမှန်ပို့ပေးနေတာကြောင့် သူရဲ့ မြန်မာနိုင်ငံက မိဘတွေကို တစ်လလျှင် ဘတ်တစ်သောင်း ပုံမှန်ထောက်ပံ့ပေးသွားမယ်လို့ အလုပ်ရှင်သူဌေးက ထိုင်းမီဒီယာတွေကို အတည်ပြုပြောကြားထားပါတယ်။

Ref-The Nation Thailand, Bangkok Post, AMARINTV

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.