ပေါင်၊ အောက်တိုဘာ(၄)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာကနေ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေသခံအမျိုးသား ၄ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ထပ်မံအမှုဖွင့်လိုက်တယ်လို့ စစ်ကောင်နဲ့နီးစပ်သူတွေထံကနေ စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲကိုကိုလွင် သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ဥတ္တံတားကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်လာရောက်ပြီးနောက် ဒေသခံ ၂၀ ထက်မနည်း ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီထဲကဒေသခံတွေဖြစ်တဲ့ ကိုချစ်သူပိုင်၊ ကိုမင်းထွန်းမြင့်ကျော်၊ ကိုစောရာဇာမင်း၊ ကိုအောင်မင်ထွေးတို့ ၄ ဦးကို အောက်တိုဘာ ၂ ရက်နေ့က ပေါင်မြို့မရဲစခန်းမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)အပြင် ၅၂ (က)တို့နဲ့ ထပ်မံအမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ဖမ်းဆီးထားတဲ့ ဥတ္တံတားကျေးရွာဒေသခံတွေဖြစ်တဲ့ ဒေါ်ခင်သန်းနု၊ ဒေါ်ဇင်မာထွန်း၊ ဒေါ်စန္ဒာလင်းတို့ ၃ ဦးကို အဲဒီအကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ပဲ အမှုဖွင့်အရေးယူခဲ့တာပါ။

ဒါ့အပြင် စက်တင်ဘာ ၂၀ ရက်နေ့တုန်းကလည်း ဖမ်းဆီးခံ ဥတ္တံတားကျေးရွာနေ ဒေါ်ချိုဝင်း၊ ဒေါ်ခင်သီတာ၊ ကိုဖိုးချိုတို့ ၃ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ပဲ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ဒေသခံ ၁၀ ဦးဟာ စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထားတဲ့ အကြမ်းဖက်ဥပဒေတွေအရ ပြစ်မှုထင်ရှားရင် အမြင့်ဆုံးထောင်ဒဏ်တစ်သက်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း အရပ်သားပြည်သူ ၈၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အများစုဟာ ထောင်ဒဏ်ပြစ်ဒဏ်အသီးသီး ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်မှုအသင်း(AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.