“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရဲ့ တကယ့် အတားအဆီးကြီးက စစ်တပ်ပဲ၊ စစ်တပ်က ဘယ်တုန်းကမှ ကတိမတည်ဘူး၊ သဘောတူညီချက်အားလုံးကိုလည်း ချိုးဖောက်ခဲ့တယ်”


လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့ လက်မှတ်ရေးထိုးခဲ့တာ ၈ နှစ်ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။ 

NCA ၈ နှစ်ပြည့်အပေါ် အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်မှာ နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ်သွားဖို့ အကြီးအကျယ် ပြင်ဆင်နေပါတယ်။ 
ဒါကြောင့် NCA စာချုပ်အပေါ် သဘောထားအမြင်၊ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်မှု အပါအဝင် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့် ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်။


သံလွင်တိုင်းမ်- အရင်ဆုံး ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ NCA စာချုပ်အပေါ် ဘယ်လိုဆက်လက်ရှု့မြင်ပါသလဲ။ စစ်ကောင်စီက NCA နှစ်ပတ်လည် အခမ်းအနားလုပ်ဖို့ စီစဉ်နေတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။ 


ပဒိုစောတောနီး – NCA စာချုပ်ကို မင်းအောင်လှိုင်ကိုယ်တိုင် လက်မှတ်ထိုးခဲ့တာ၊ အဲ့ဒီလက်မှတ်ကို ဖောက်ဖျက်ပြီးတော့ ဖက်ဆစ်အာဏာသိမ်းတာနဲ့အဆုံးသတ်လိုက်တယ်လေ။ သူကိုယ်တိုင်ချိုးဖောက်တာကို အဲ့ဒီစာချုပ်က လက်ရှိ အသက်ဝင်မှုမရှိတော့ဘူး။ လက်ရှိ သူလုပ်နေတာက သူ့အတွက် တကယ်လိုအပ်နေတဲ့ အသိအမှတ်ပြုတဲ့ နိုင်ငံရေးကဏ္ဏတွေမှာရော သံတမန်တိုက်ပွဲတွေမှာတော့ အလဲလဲအကွဲကွဲနဲ့ရှုံးပွဲနဲ့ပဲ ရင်ဆိုနေရတယ်။ လုံးဝကျဆုံးတယ်ပြောလို့ရပြီ။ 
ဘယ်လိုနည်း နဲ့ထွက်ပေါက်ရှာရမလဲဆိုတာ သူတစ်ခုခုပြဖို့တော့ လိုမယ်လို့ သူယူဆတဲ့အတွက် မရှိမဖြစ်လိုအပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဟန်မပျက်ဘဲ လုပ်နေတာဖြစ်တယ်။ နောက်ပြီး အတုအယောင်ရွေးကောက်ပွဲကိုလည်း ဟန်မပျက်ဘဲ လုပ်မှာဖြစ်တယ်။ အဲ့ဒါကလည်း ဘာမှဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။အသေအလဲနဲ့ ကြိုးပမ်းနေတာဖြစ်တယ်။ ဖြစ်လာမှာလည်း မဟုတ်ဘူး။ ဘာမှတရားဝင်မဖြစ်ဘူး။ သူကိုယ်တိုင်က တရားမဝင် အဖွဲ့အစည်းဖြစ်တယ်။ 
သူကိုယ်တိုင် က တရားမဝင်စစ်တပ်ဖြစ်တဲ့အတွက် နိုင်ငံတကာကို ဘယ်လိုပဲလှည့်ဖျား လှည့်ဖျား ကျွန်တော်တို့အနေနဲ့ ရှင်းရှင်းလင်းလင်း မြင်တာတစ်ခုပဲ ရှိတယ်။ ဒီဟာတွေက လုံးဝမလုပ်သင့် မလုပ်ထိုက်တဲ့အရာတွေ ဖြစ်တယ်။ တခြားအဖွဲ့တွေ အနေနဲ့လည်း သူနဲ့ပါဝင်ပက်သက်မယ်ဆိုရင် တစ်ကြိတ်တည်း တစ်ဉာဏ်တည်းဖြစ်တယ်လို့ မြင်တယ်။လောလောဆယ်ကတော့ သူထွက်ပေါက်ရရေးအတွက် လုံးဝမလုပ်သင့် မလုပ်ထိုက်တဲ့ဟာကို လျှောက်လုပ်နေတာပဲဖြစ်တယ်။ ဘာမှလည်းအရာထင်လာမှာ မဟုတ်ဘူး။ 


သံလွင်တိုင်းမ် – တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။ ဒီအပေါ်မှာ ဘာများ တုံ့ပြန်ပြောကြားချင်တာ ရှိမလဲ။


ပဒိုစောတောနီး- တွေ့ဆုံဆွေးနွေးရေးနဲ့ KNU ရဲ့ရပ်တည်က စစ်အာဏာသိမ်းပြီးနောက် အတိအလင်းဖော်ပြထားပြီးသာ ဖြစ်တယ်။ တစ်အချက်က  စစ်တပ်ကနိုင်ငံရေးက ထွက်ရမယ်။ဒုတိယအချက်က စစ်တပ်ဟာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို လက်ခံရမယ်။ကျူးလွန်ခဲ့သမျှ ပြစ်မှုကြီးပြစ်မှုငယ်အားလုံးကို တာဝန်ခံရမယ်။ ပြစ်မှုကင်းလွတ်ခွင့်လုံးဝမရှိရဘူး။ အဲ့ဒါကို လက်ခံရမယ်။ သုံးအချက် ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကို လက်ခံရမယ်။ နောက်ဆုံးအချက်ဖြစ်တဲ့ နိုင်ငံတကာ ပါဝင်ပက်သက်မှုမှာ အဆင့်တိုင်း အဆင့်တိုင်း နိုင်ငံရေးဆွေးနွေးမှုမှာ နိုင်ငံတကာတွေ ပါဝင်ပက်သက်မှု လက်ခံရမယ်။ ဒီအချက်လက်ခံမှသာတွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာမယ်။ အဲ့ဒါလက်မခံဘဲ လုပ်နေတာတွေကို ဘာမှထည့်သွင်းစဉ်းစားစရာမလိုဘူး။ 


သံလွင်တိုင်းမ်- အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရာမှာ NCA စာချုပ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိသေးလား။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။


ပဒိုစောတောနီး- တကယ်တမ်းပြောရမှာ ဖက်ဒရယ်ဒီမိုကရေစီကို ပန်းတိုင်ရရှိရေးအတွက် ကျွန်တော်တို့ ကြိုးစားနေတာလည်း ကြာလှပြီ။ ဒါပေမယ့် ကြိုးစားစဉ်တစ်လျှောက်လုံးမှာ တကယ့် အတားအဆီးကြီးက ဒီစစ်တပ်ပဲ။ စစ်တပ်က ဘယ်တုန်းကမှ ကတိမတည်ဘူး။ သဘောတူညီချက်အားလုံးကိုလည်း ချိုးဖောက်ခဲ့တယ်။ နိုင်ငံရေးမှာလည်း ဝင်စွက်ဖက်တာ နှစ် ၆၀ ကြာလာတဲ့အခါမှာ ဒီဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် တကယ့် အကြီးဆုံးအဟန့်အတားက စစ်တပ်ဖြစ်တဲ့အတွက် အခုလက်ရှိကာလမှာ လုပ်ရမယ့်အလုပ်က ဒီစစ်အာဏာရှင်စနစ် ပပျောက်ရေးနဲ့ စစ်အာဏာရှင်ကျဆုံးရေးအတွက် ရန်သူကို ကျွန်တော်တို့ ဝိုင်းဝန်းပြီးတော့ တိုက်ဖျက်သွားရမှာ ဖြစ်တယ်။အဲ့ဒါ စစ်အာဏာရှင်မကဘူး ။ဘယ်အာဏာရှင်မဆို ဘယ်လိုမှ လက်ခံလို့မရဘူး။ တိုင်းသိပြည်သိ တည်ထောင်ဖို့အတွက်ဆိုရင်တော့ ဒီနှစ်ဒီကာလမှာ စစ်အာဏာရှင်လုပ်နေတဲ့ အရာက ကျွန်တော်တို့အတွက် ဘာမှမလိုအပ်တော့ဘူး။ စစ်အာဏာရှင်ကျဆုံးရေးအတွက်သာ ကျွန်တော်တို့ တစိုက်မတ်မတ်နဲ့ပဲ ဆက်ပြီး လုပ်သွားဖို့ပဲ လိုပါတော့တယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.