မော်လမြိုင်၊ အောက်တိုဘာ(၃)

အာဏာသိမ်း စစ်ကောင်စီဟာ ရှေ့ပြေးသန်းခေါင်စာရင်းအဖြစ် မော်လမြိုင်အပါအဝင် နိုင်ငံတဝှမ်းက မြို့နယ်ပေါင်း ၂၀ မှာ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမှုတွေ လုပ်ဆောင်နေတယ်လို့ ဝါဒဖြန့်သတင်းစာတွေကနေ ထုတ်ပြန်လာပါတယ်။

မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်မှာ တစ် နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အခုနှစ်အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက် နေ့အထိ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေတာပါ။

စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမှုအဖြစ် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရဲ့ မြို့နယ် ၂၀ ရွေးချယ်သတ်မှတ်ထားပြီး စုစုပေါင်းကောက်ကွက် ၁၀၀ ကို ပြည်လုံးကျွတ်အဆင့် ကောက်ယူမယ့် အစီအစဉ်အတိုင်း ကောက်ယူသွားဖို့ စီစဉ်ထားပါတယ်။

စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရာမှာ တစ်အိမ်တက်ဆင်း Mobile Tablet တွေအသုံးပြုကာ CAPI စနစ်နဲ့ အစုအဖွဲ့အတွက် မေးခွန်း ၁၈ ခု၊ အိမ်ထောင်စုတွေအတွက် မေးခွန်း ၆၈ ခုကို မေးမြန်းကောက်ယူသွားဖို့ ရှိနေပါတယ်။

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုမင်းသွေးသစ်က စစ်ကောင်စီရဲ့ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမှုမှာ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုဖြစ်သလို တော်လှန်ရေးအတွင်း ပါဝင်ပတ် သက်သူတွေရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်လိုချင်တာကြောင့် ဖြစ်နိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ကောင်စီက သန်းခေါင်စာရင်းကောက်တာ ရည်ရွယ်ချက်နှစ်မျိုးတော့ရှိနိုင်တယ်။ ရွေးကောက်ပွဲလုပ်ချင်လို့ သန်းခေါင်စာရင်း ကောက်တာလည်းတစ်ခုဖြစ်နိုင်သလို နောက်ကွယ်က ရည်ရွယ်ချက်က ဗမာပြည်ထဲမှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်နေတဲ့လူတွေ၊ ထွက်ပြေးတိမ်းရှောင်နေတဲ့လူတွေ၊ နောက်ထိုင်း နိုင်ငံဘက်၊ ဒါမှမဟုတ် သူတို့အုပ်ချုပ်ရေးလက်လှမ်းမမီတဲ့ တိုင်းရင်းသားထိန်းချုပ်ဒေသတွေမှာ တိမ်းရှောင်နေတဲ့ တော်လှန်ရေးအင်အားစုတွေ၊ တိုက်ပွဲဝင်နေတဲ့ တော်လှန် ရေးရဲဘော်တွေရဲ့ စာရင်းအတိအကျကိုသိချင်လို့ လုပ်တာလည်းဖြစ်နိုင်ပါတယ်။ ဒါနောက်ကွယ်ကရည်ရွယ်ချက်၊ သူတို့အနေနဲ့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် ဒီအလုပ်ကိုလုပ်တယ်လို့ ယူဆပါတယ်” လို့ ဆိုပါတယ်။

စမ်းသပ်သန်းခေါင်းစာရင်း ကောက်ယူဖို့ စစ်ကောင်စီ ရွေးချယ်ထားတဲ့ မြို့နယ်တွေဟာ အာဏာသိမ်းကာလအတွင်း နယ်မြေတည်မှုရှိတဲ့ ဒေသတွေအများစု ပါဝင်နေတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဖိုရမ် ပြောခွင့်ရကိုလွမ်းသူကလည်း ရွေးကောက်ပွဲဟာ စစ်ကောင်စီရဲ့ ထွက်ပေါက်ဖြစ်နေတာကြောင့် သန်းခေါင်စာရင်း ကောက်ယူလို့ရတဲ့ အခြေအနေအပေါ် မူတည်ပြီး ရွေးကောက်ပွဲ ကျင်းပသွားနိုင်တယ်လို့ သုံးသပ်ပါတယ်။

“သန်းခေါင်စာရင်းကောက်ယူတဲ့နေရာမှာ သူက ဒီ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲပြုလုပ်မှာဖြစ်တဲ့အတွက် ဆိုလိုချင်တာက သူကောက်လို့ရတဲ့ဒေသက မဲပေးပိုင်ခွင့်ရှိသူအရေအတွက် သူကောက်ယူပြီးတော့မှ သူကောက်ယူလို့မရတဲ့ဒေသကိုတော့ ကောက်ယူမှာမဟုတ်တဲ့အတွက် ကောက်ယူလို့ရတဲ့ စာရင်းဇယားအရတော့ ဒီနိုင်ငံမှာတော့ မဲပေးပိုင်ခွင့်ရှိသူ ဒီလောက်ရှိပါတယ်။

ကျန်တဲ့နေရာတွေမှာတော့ ဒီလိုမျိုး ကောက်ယူနိုင်ခြင်းမရှိတဲ့အတွက် မကောက်ယူပဲနဲ့ ဒါနဲ့ပဲရွေး ကောက်ပွဲကျင်းပပြီးတော့မှ ဒါနဲ့ပဲနိုင်ငံရေးထွက်ပေါက်ရှာနိုင်တယ်လို့ ကျွန်တော်တို့ကတော့ ရှုမြင်သုံး သပ်ပါတယ်” လို့ဆိုပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၄ ခုနှစ်မှာ တစ်နိုင်ငံလုံး အတိုင်းအ တာနဲ့ သန်းခေါင်စာရင်းကောက်ယူပြီးပါက ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ အရိပ် အမြွက်ပြောဆိုထားတာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံစာရင်းတွေအရ မြန်မာနိုင် ငံမှာ ခန့်မှန်းလူဦးရေ ၅၆ ဒသမ ၂ သန်းရှိတယ်လို့ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင် အားဝန်ကြီးဌာနက အောက်တိုဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ တိုက်ပွဲတွေအပြင် လက်နက် ကိုင် ပဋိပက္ခတွေကြောင့် လူဦးရေ ၁ ဒသမ ၆ သန်းဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI /MRTV

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.