ပေါင်၊ အောက်တိုဘာ(၃)

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းမှာ အမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးဖို့ စစ်ကောင်စီမြို့နယ် အုပ် ချုပ်ရေးအဖွဲ့ကနေ ဒေသန္တရအမိန့်ထုတ်ပြန်လိုက်တာကြောင့် သွားရေးလာရေး အခက်အခဲဖြစ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေနဲ့ သတင်းပေးတွေ မကြာခဏပစ်သတ်ခံရပြီးနောက် ပေါင်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ အောက်တိုဘာ ၁ ရက်နေ့ကစပြီး အမျိုးသား ၂ ဦး ဆိုင်ကယ်အတူ မစီးဖို့ ဒေသန္တရအမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦး အတူမစီးရ၊ အမျိုးသမီးအ နောက်မှာ အမျိုးသားလိုက်မစီးရ၊ အမျိုးသားအနောက်မှာ အမျိုးသမီးစီးနင်းနိုင်၊ အမျိုးသမီး ၂ ဦးအတူ ဆိုင်ကယ်စီးနင်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ အဲဒီဆိုင်ကယ်စီးနင်းခွင့်ရဟာ မနက် ၄ နာရီကနေ ည ၁၀ အချိန်ထိသာ ဖြစ်ပြီး ည ၁၀ နာရီကနေ မနက် ၄ နာရီအချိန်အတွင်း ဆိုင်ကယ်လုံးဝ စီးနင်းခွင့်မရှိဘူးလို့ ဆိုပါတယ်။

ဒေသခံတစ်ဦးကတော့ စစ်ကောင်စီရဲ့ ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ချက်ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို မဖမ်းနိုင်တဲ့အပေါ် ပြည်သူတွေကို ဓါးစားခံလုပ်ပြီး သွားရေလာရေး အခက်အခဲဖြစ်အောင် ဖိနှိပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်တာပါ။

ပေါင်မြို့နယ်အတွင်းက ဒေသခံပြည်သူအများစုဟာ ဆိုင်ကယ်ကိုအဓိကအသုံးပြုပြီး လူမှုရေး၊စီးပွား ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ မိသားစုစားဝတ်နေရေး ပြဿနာတွေ ဖြေရှင်းနေရတာကြောင့် စစ်ကောင်စီရဲ့ ကန့်သတ်ချက်ကြောင့် ဆိုးရွားတဲ့အခြေအနေတစ်ခုကို ထပ်မံရောက်ရှိလာတယ်လို့ ဒေသ ခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

စစ်ကောင်စီကတော့ အမျိုးသား ၂ ဦး ဆိုင်ကယ်အတူ စီးနင်းကြောင်း လုံခြုံရေးတပ်ဖွဲ့တွေ စစ်ဆေးတွေ့ရှိပါက ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ ဖမ်းဆီးအရေးယူခံရမယ်လို့ ကြေညာထားပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ အရေးယူခံရပါက တစ်လအလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်ငွေ ကျပ်နှစ်သောင်း ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ပါတယ်။

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း ကျိုက်ထို၊ ဘီးလင်း၊ ပေါင်နဲ့ ရေးမြို့နယ်တို့မှာ အမျိုး သား ၂ ဦး ဆိုင်ကယ်အတူမစီးဖို့ ဒေသန္တရအမိန့်ထုတ်ပြန်ထားပြီး အဲဒီထဲမှာရေးမြို့နယ်တို့ကိုတော့ စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.