“လောလောဆယ်ကတော့ NCA အကောင်အထည်ဖော်မှုတွေကတော့ ကျွန်တော်တို့မလုပ်နိုင်ဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းဆိုရင် ကျွန်တော်တို့ NCA လမ်းကြောင်းမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေလည်း ရပ်တန့်သွားတယ်”

နိုင်ငံအနှံ့နီးပါး စစ်မျက်နှာဖွင့်ပြီး ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်မယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို အကြီးအကျယ်ကျင်းပဖို့ စီစဉ်နေပါတယ်။ အခမ်းအနားကျင်းပနိုင်ဖို့ စစ်ကောင်စီ ငြိမ်းချမ်း ရေးဆွေးနွေးရေးအဖွဲ့ (NSPNC) နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့တို့ ညှိနှိုင်းဆွေးနွေးမှုတွေ ရှိနေသလို စစ်ခေါင်းဆောင်ကိုယ်တိုင်ကလည်း သက်ဆိုင်ရာ EAO ခေါင်းဆောင်တွေ တက်ရောက်ကြဖို့ ဖိတ်ခေါ်နေတာပါ။

အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ်မီး ပိုမိုတောက်လာချိန်မှာ NCA နှစ်ပတ်လည်အခမ်းအနားကျင်းပတာ၊ NCA အနှစ်သာရ ပျောက်ဆုံးသွားမှုအပါအဝင် စစ်အုပ်စုရဲ့ အခမ်းအနားကျင်းမှုအပေါ် ဘယ်လို မြင်ပါသလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး အပစ်ရပ်အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံး အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ်မီး ပိုမိုတောက်လာချိန်မှာ NCA နှစ်ပတ် အခမ်းအနား ကျင်းပမှုအပေါ် ဘယ်လိုမြင်ပါသလဲ။

ဒါကလည်းပဲ လောလောဆယ်ကတော့ NCA အကောင်အထည်ဖော်မှုတွေကတော့ ကျွန်တော်တို့မလုပ်နိုင်ဘူး။ ဒါဆရာတို့လည်း သိတဲ့အတိုင်းပါပဲ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းဆိုရင် ကျွန်တော်တို့NCA လမ်းကြောင်းမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေလည်း ရပ်တန့်သွားတယ်။ နှစ်ဖက်စလုံးအစုအဖွဲ့တွေကလည်း မစုံမလင်ဖြစ်တဲ့ အချိန်မှာ NCA ကတော့ သူ့ရဲ့သဘောတူညီချက်အတိုင်း အလုပ်မလုပ်နိုင်ခဲ့ဘူး။ သို့သော်လည်းပဲ ခုနကပြော နေတဲ့ဟာကတော့ NCA နှစ်ပတ်လည်လို့ ပြောတာထက်ပေါ့လေ။ NCA လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည် ၈နှစ်ပြည့်နှစ်ပတ်လည်လို့တော့ ကျွန်တော်တို့ အဲဒီလိုနားလည်ထားတယ်။ ဒါကြောင့်မို့လို့ NCA လက်မှတ်ရေး ထိုးခဲ့တဲ့ ခေါင်းဆောင်တွေနဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို ပြန်လည်ဖိတ်ပြီးတော့ တက်ရောက်မယ့် အခမ်းအနားတစ်ခုလို့တော့ အဲဒီလိုပဲ နားလည်မှုရှိပါတယ်ခင်ဗျ။

၂။ တိုင်းပြည်တွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေနဲ့အတူ NCA စာချုပ်ရဲ့ အနှစ်သာရ ဘယ်လောက်အထိ ပျောက်ဆုံးသွားပြီးလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

အခမ်းအနားလုပ်ရုံနဲ့တော့ NCA သက်ရောက်မှုလို့ ကျွန်တော်တို့ကတော့ အဲဒီလိုမျိုးမရှိပါဘူး။ NCA ဆိုတာ ကလည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်ဖြစ်တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရလို့ ပြောလိုက်မယ်ဆိုရင်လည်း အစိုး ရ၊လွှတ်တော်၊ တပ်မတော်ဆိုတဲ့ အရင်တည်းကစုဖွဲ့မှုတွေကလည်း ဒီအချိန်မှာပြည့်စုံမှုရှိသလိုပေါ့လေ။ ကျွန် တော်တို့ NCA ကို လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၁၀ဖွဲ့စလုံးကလည်း ဒီအခြေအနေ မှာ NCAအပေါ်အမြင်အမျိုးမျိုးရှိကြမယ်။ အဲဒီအခမ်းအနားလုပ်ရုံလေးနဲ့ NCA ဆိုတာ အခမ်းအနားလုပ်တာ၊ မလုပ်တာထက် သူ့ကိုအကောင်အထည်ဖော်မယ့် နှစ်ဖက်စလုံးက အစုအဖွဲ့တွေ အစုံအလင်ရှိမှပဲ အလုပ်လုပ် လို့ရတဲ့ သဘောတူစာချုပ်ရှိတဲ့ အတွက်ကြောင့်မို့လို့ ဒီအပေါ် မှာတော့ တခြားစီပဲလို့ ကျွန်တော်ကတော့ အဲဒီ လိုပဲ နားလည်ပါတယ်ခင်ဗျ။

 ၃။ NCA စာချုပ်ဟာ အာဏာသိမ်းမှုကြောင့် စာချုပ်ပျက်ပြယ်သွားပြီးလို့ ပြောဆိုတာတွေလည်း ရှိနေပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမှတ်ချက်ပြုလိုပါသလဲ။

NCA ကို လက်မှတ်ရေးထိုးခဲ့တဲ့ ကျွန်တော်တို့ခေါင်းဆောင်တွေလည်း ဒီအချိန်မှာ စုံစုံလင်လင်မရှိတော့ဘူး။ ခုနက အစုအဖွဲ့အနေနဲ့ ပြောမယ်ဆိုရင်လည်း တစ်ချို့အဖွဲ့အစည်းတွေကျတော့ အမြင်တစ်မျိုးရှိရင်လည်း ရှိမယ်။ ဟိုဘက်က အစိုးရဘက်ဆိုရင်လည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်ဆိုတာကလည်း ဒါအစုံအလင်မ ရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာ၊ ခုနကကျွန်တော်ပြောသလိုမျိုး ကျွန်တော်တို့ တစ်ဖွဲ့ချင်းစီတောင်မှ ကျွန်တော် တို့ PC အနေနဲ့ဆိုရင် NCA လက်မှတ်ထိုးတာ သုံးယောက်ဆိုရင် နှစ်ယောက်က မရှိတော့ဘူး။ ဒါတစ်ယောက်ပဲ ရှိတော့တယ်။ ကျွန်တော်နားလည်သလောက်ဆိုရင် NCA ကိုလက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်တွေ၊ လက်မှတ်ရေးထိုးစဉ်က အသိသက်သေခေါင်းဆောင်တွေ ပြန်လည်တွေ့ဆုံပြီးတော့ အခမ်းအနားတက်ရောက်တဲ့ အခင်းအကျင်းတစ်ခုလောက်ပဲ။ ဒါသူ့ရဲ့သက်ရောက်မှုက ကောင်းခြင်းဆိုးခြင်းက အမြင်တွေက အမျိုးမျိုးရှိ မှာပါ။

၄။ နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။

NCAလက်မှတ်ရေးထိုးတာ ၈နှစ်ပြည့်ပါပြီ။ ၈နှစ်ပြည့်လက်မှတ်ရေးထိုးတာကို ပြန်လည်အမှတ်ရ သတိရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဘာလားတော့ ကျွန်တော်တို့ မသိဘူးလေ။ အဓိကကတော့ လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်ကြီးတွေ အသိသက်သေအနေနဲ့ ပါဝင်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်တွေကို ပြန်လည်ဖိတ်ခေါ်ပြီးတော့ အမှတ်တရပွဲလားဘာလားတစ်ခုခု။ ဒါကတော့လည်း ကျွန်တော့်အနေနဲ့ ထွေထွေထူးထူးတော့ မှတ်ချက်ပေးဖို့ မရှိပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.