ရေး၊ အောက်တိုဘာ(၁)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် စစ်ကောင်စီ အမှတ်(၅၉၁) ခြေမြန်တပ်ရင်း ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ တောင်ပိုင်းတိုင်း၊ အမှတ် ၃ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူးရုံးက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်က တပ်ပြင်ထွက်လာတဲ့ စစ်ကောင်စီဒုတပ်ရင်းမှူးနဲ့အတူ စစ်သား၂ ဦး စီးနင်းလာတဲ့ ကားတစ်စီးကို စစ်တပ်ဝင်းနဲ့ ကိုက် ၅၀၀ အရောက်မှာ ရေးဘီလူးအဖွဲ့က သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဒုတပ်ရင်းမှူးအပါအဝင် ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့နေရာဟာ ခမရ ၅၉၁ နဲ့ နီးကပ်လွန်းနေတာကြောင့် လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီဒုတပ်ရင်းမှူးအဖွဲ့ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း ခရီးသွားဟိုက်ကားတစ်စီးလည်း ထိမှန်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပေမယ့် သံလွင်တိုင်းမ်အနေနဲ့ ထပ်မံအတည်ပြုနိုင်ဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။

တောင်ပိုင်းတိုင်း၊ အမှတ် ၃ စစ်ဒေသခွဲကတော့ မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုကားလမ်းမတစ်လျှောက် နယ်မြေဒေသစိုးမိုးရေးနဲ့ ခရီးသွားပြည်သူတွေ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးရယူစစ်ဆေးဆောင်ရွက်မှုတွေ နေ့စဉ် ပြုလုပ်လျက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

အခုလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ စစ်ဆေးစဉ် ကြည်ဖြူစွာလက်ခံဖို့၊ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေ တင်ဆောင်တာမျိုး မပြုလုပ်ဖို့၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ယာဉ်တွေနဲ့ လိုက်ပါစီးနင်းတာမျိုးမပြုလုပ်ကြဖို့နဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အသုံးပြုတဲ့ယာဉ်တွေကလည်း ကြည်ဖြူစွာအစစ်ဆေးခံဖို့ တိုက်တွန်းထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-JOC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.