မြဝတီ၊ အောက်တိုဘာ(၁)
ထိုင်းနိုင်ငံမှာ အခုနှစ်ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လအတွင်း အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ အခုနှစ်စက်တင်ဘာ ၂၅ ရက်အထိ ထိုင်းနိုင်ငံထဲက လုပ်ငန်းခွင်ပေါင်း ၅၃,၀၀၀ ကျော် ကျပန်းစနစ်နဲ့ ဝင်ရောက်စစ်ဆေးခဲ့တာပါ။
အဲဒီလို စစ်ဆေးရာမှာလည်း အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၃၄၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး အဲဒီထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၅၀ ဦး အများဆုံး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ထိုင်းအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူ ဦးပီတာကတော့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံထဲမှာ နေ့စဉ် ဖမ်းဆီးခံရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါပေမဲ့ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ ဥပဒေတွေကြောင့် ဖမ်းဆီးခံ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကူညီပေးနိုင်မှုအားနည်းပေမယ့် MOU လုပ်သားတွေနဲ့ တရားဝင်ရွှေ့ ပြောင်းလုပ်သားအရေးအတွက် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေတယ်လို့ သူကဆက်ပြောပါတယ်။
ဘန်ကောက်ပို့စ်အဆိုအရ ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပြင် ကမ္ဘောဒီးယားနိုင်ငံသား ၆၃၆ ဦး၊ လာအိုနိုင်ငံသား ၅၆၂ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၄၅ ဦးနှင့် တခြားနိုင်ငံသားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ထိုင်းအစိုးရအာဏာပိုင်တွေက ကန့်သတ်ထားတဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်တဲ့ တရားမဝင် အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားတွေကို ဘန်ကောက်၊ နွန်ထဘူရီ၊ ချင်းမိုင်၊ ချွန်ဘူရီ၊ နခွန်းပထုံနဲ့ ရနောင်းခရိုင်တို့မှာ အများဆုံး ဖမ်းဆီးခံခဲ့ရတာပါ။
သတင်း – သံလွင်တိုင်းမ်