မော်လမြိုင်၊ စက်တင်ဘာ(၃၀)

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ဖမ်းဆီးခံရတဲ့ အရပ်သားအများစုဟာ ဖမ်းဆီးခံရစဉ် ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရတာ၊ ဆေးဝါးကုသမှုမရရှိတာ၊ အစားအစာနဲ့ တစ်ကိုယ်ရည်လိုအပ်ချက်တွေ လုံလောက်စွာမရရှိတာတွေအပါအဝင် ရက်စက်ပြီး လူမဆန်တဲ့လုပ်ရပ်တွေနဲ့ ရင်ဆိုင်ကြုံတွေခဲ့ရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ – KHRG က ထုတ်ပြန်ပါတယ်။

“သေမင်း၏အရိပ်”ဆိုတဲ့ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းမှာ စစ်ကောင်စီက အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်း အနှစ်ချုပ်စာတမ်းကို ကရင်လူ့အခွင့်အရေးအဖွဲ့ – KHRG က စက်တင်ဘာ ၂၇ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအစီရင်ခံစာမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက ကရင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့လို စစ်ကောင်စီကကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ KHRG က ဆိုထားပါတယ်။

စစ်ကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေ ဆက်လက်ပြုလုပ်နေတဲ့အတွက် ကရင်ပြည်နယ်မှာ လူ့အခွင့်အရေးနဲ့ လုံခြုံရေးအခြေအနေလည်း ပိုမိုဆိုးရွားလာခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ အရပ်သားတွေရဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေကို မီးရှို့ဖျက်ဆီးမှု၊ အဓမ္မနေရပ်ရွှေ့ပြောင်းစေမှု၊ အရပ်သားတွေကို သတ်ဖြတ်မှု၊ ဖမ်းဆီးချုပ်နှောင်မှုနဲ့ ညှဉ်းပန်းနှိပ် စက်မှုတွေပါဝင်တယ်လို့ KHRG ရဲ့ စာတမ်းမှာ ပါရှိတာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး ကရင်ပြည်နယ်ရှိ ခရိုင် ၇ ခုထဲမှာ စစ်ကောင်စီစစ်သားတွေက ဒေသခံရွာသား ၅၆၄ ဦးကျော်ကို လူသားဒိုင်းအဖြစ် အသုံးပြုတဲ့ သက်သေအထောက်အထားတွေအပါအဝင် အစီရင်ခံစာ ၂၂ စောင်ကို KHRG က လက်ခံရရှိခဲ့ပြီး အမှန်တကယ်မှာ စစ်ကောင်စီတပ်က ရွာသားတွေကို လမ်းပြနဲ့ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်တဲ့ဖြစ်စဉ်တွေကို ရေတွက်ကြည့်ပါက အထက်ဖော်ပြပါဦးရေထက် ပိုမိုများနိုင်ခြေရှိတယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က ရွာသားတွေကို ပေါ်တာနဲ့ လမ်းပြအဖြစ် ခိုင်းစေအသုံးပြုတဲ့ လုပ်ရပ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ဖို့အတွက် လူသားဒိုင်းအဖြစ် အသုံးပြုနေတာလို့ ယူဆလို့ရနိုင်ပြီး လူသားဒိုင်းအဖြစ် အသုံးပြုဖို့အတွက် စစ်ကောင်စီတပ်က ရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်ရာမှာလည်း ရွာသားတွေဟာ ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ ထိခိုက်ဒဏ်ရာရရှိတာနဲ့ ခြိမ်းခြောက်ခံရတာတွေ ကြုံတွေ့ခဲ့ရတယ်လို့ KHRG က ဆိုထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကိုရှောင်ရှားဖို့အတွက် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာတဲ့ ရွာသားတွေကို စစ်ကောင်စီတပ်က တစ်ခါတစ်ရံမှာ မိုင်းရှင်းလင်းရေးသမားအဖြစ် စစ်ကြောင်းသွားရာအရှေ့ကနေ လမ်းလျှောက်ခိုင်းစေတတ်ပြီး ပေါ်တာအဖြစ်ခိုင်းစေရတဲ့ ရွာသားတွေဟာ မြေမြှုပ်မိုင်းရှိတဲ့နေရာဒေသတွေမှာ သွားလာခိုင်းစေတဲ့အတွက် မြေမြှုပ်မိုင်းနင်းမိကာ ထိခိုက်သေဆုံးတာတွေလည်း ရှိတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်က ဒေသခံရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာကို ဒေသခံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ တွေ့ရှိပါက စစ်ကောင်စီတပ်ကို တိုက်ခိုက်တာတွေ အမြဲရှောင်ကြဉ်ကြပြီး စစ်ကောင်စီနဲ့ ဒေသခံ KNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါက လူသားဒိုင်းသဖွယ်အသုံးပြုခံရတဲ့ ရွာသားတွေဟာ ဒဏ်ရာရရှိနိုင်ခြေ ဒါမှမဟုတ် သေဆုံးနိုင်ခြေ ပိုများတယ်လို့ ဆိုထားပါတယ်။

ဒီလုပ်ရပ်တွေအတွက် ICC အပါအဝင် နိုင်ငံတကာတရားရုံးနဲ့ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးဆိုင်ရာ တရားစီရင်မှုကနေတစ်ဆင့် စစ်ကောင်စီခေါင်းဆောင်တွေကို တရားစွဲဆိုခြင်းဖြင့် စစ်ကောင်စီရဲ့ လူသားဒိုင်းသဖွယ် အသုံးပြုမှုကနေ တရားမျှတမှုရှာဖွေပြီး စစ်ကောင်စီကို တာဝန်ယူမှုတာဝန်ခံမှု ပြုလုပ်ဖို့ KHRG က တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.