တနင်္သာရီ၊ စက်တင်ဘာ(၃၀)

စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုအတွင်း ဆန်ပြတ်လပ်မှုနဲ့ကြုံနေရပြီး ဆန်ဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်တင်ဘာလဆန်းပိုင်းကစတင်ပြီး တကူဒေသအတွင်း ဝင်ရောက်နိုင်တဲ့ ဇဝဲကျေးရွာလမ်းဆုံရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကနေ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတာကြောင့် လူ၊ ယာဉ်သွားလာလို့ မရတောတဲ့အတွက် ဆန်အပါအဝင် ကုန်ပစ္စည်းတွေ ပြတ်လပ်မှုနဲ့ ကြုံလာရတာပါ။

ဆန်ပြတ်လပ်မှုနဲ့ ကြုံနေရတာကြောင့် ငွေကြေးမတက်နိုင်တဲ့ မိသားစုတွေဟာ ဆန်ပြုတ်စားရတဲ့ အခြေအနေထိ ဖြစ်ပေါ်လာတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ရှေ့ဆက်ပြီး စစ်ကောင်စီဂိတ်ကနေ ဖြတ်သန်းသွားလာခွင့်မပေးဘဲ ပိတ်ထားမယ်ဆိုပါက ရေရှည်မှာ ဒေသခံတွေ ငွေရှိရင်တောင် စားစရာဝယ်မရဘဲ အငတ်ဘေးနဲ့ကြုံလာနိုင်တယ်လို့ ဆိုပါတယ်။

ဆန်အပါအဝင် စားသောက်ကုန်ပစ္စည်းတွေကို တခြားရေလမ်း၊ တောလမ်းတွေကနေ သယ်ယူနေကြပေမယ့် သွားရေးလာရေး အခက်အခဲကြောင့် သယ်ယူပို့ဆောင်ဖို့ အခက်ကြုံနေရတာ ဖြစ်ပါတယ်။

ဆန်သယ်ဆောင်ခွင့် အခက်အခဲကြောင့် ဆန်ကြမ်းအုပ်စုဝင် ဧည့်မထဆန်တစ်အိတ်ကို ကျပ် ၇၀၀၀၀ ကျော်ကနေ ကျပ် ၁၅၀၀၀၀ နီးပါးအထိ ဈေးနှုန်း ၂ဆ နီးပါးမြင့်တက်လာတာပါ။

တနင်္သာရီမြို့နယ် တကူးကျေးရွာအုပ်စုထဲမှာ တကူ၊ သာရဘွင်၊ သိန္နော၊ ကော့မပြင်းစတဲ့ ရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀ နီးပါးရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.