သထုံ၊ စက်တင်ဘာ(၂၈)

မွန်ပြည်နယ် သထုံမြို့ပေါ်ရပ်ကွက်တွေနဲ့ အများပြည်သူသွားလာနေတဲ့ နေရာတွေမှာ အခုနောက်ပိုင်းကာလတွေအတွင်း အုပ်စုဖွဲ့ခိုးဆိုးလုယက်ပြီး အသက်အန္တရာယ်ပါ ရန်ရှာလာတာကြောင့် စိုးရိမ်မှုတွေ မြင့်တက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောဆိုပါတယ်။

အုပ်စုဖွဲ့လုယက်သူတွေဟာ ညဘက်လူခြေတိတ်ချိန်တွေသာမက မနက်ပိုင်းနဲ့နေ့လည်ပိုင်းတွေမှာပါ ပေါ်တင် လုယက်တာတွေရှိလာပြီး ပစ္စည်းပိုင်ရှင်တွေရဲ့ အသက်အန္တရာယ်ပါ ရန်ရှာလာတဲ့ ဖြစ်စဉ်တွေအထိ ရှိလာခဲ့တာဖြစ်ပါတယ်။

“အခုတလော တော်တော်ဆိုးလာတယ်၊ ပြီးခဲ့တဲ့ရက်ပိုင်းကဆို အသိတစ်ယောက်ဈေးမှာ ဈေးဝယ်နေတာ ပြန်လှည့်ကြည့်တော့ သူဆိုင်ကယ်ကို အမျိုးသားတစ်ယောက်က မောင်းပြေးသွားတယ်။ အဲဒါကို သူကလိုက်တာ၊ လူပြတ်တဲ့နေရာရောက်တော့ ဆိုင်ကယ်နဲ့တခြားလူလေးငါးယောက်လောက် ရောက် လာပြီး တုတ်ဓားတွေနဲ့ရန်ရှာဖို့လုပ်လို့ ကိုယ်လွတ်ရုန်းပြေးလာရတယ်။ အဲလောက်ထိ အခြေအနေဆိုးနေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အုပ်စုဖွဲ့လုယက်သူတွေဟာ သထုံမြသပိတ်တောင်တက်လမ်း၊ လေယာဉ်ကွင်းဟောင်း၊ ဝါပါးဆည်၊ သထုံ-ပေါင် ကားလမ်းတွေပေါ်မှာ အုပ်စုဖွဲ့လုယက်မှုတွေကို ဆက်တိုက်ကျုးလွန်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြို့တွင်း ဈေးအနီးဝန်းကျင်နဲ့မြို့ပေါ်ရပ်ကွက်အတွင်း နေရာတွေမှာပါ ဖုန်း၊ ပိုက်ဆံအိတ်၊ ဆိုင်ကယ်နဲ့ ရွှေတွေလုယက်ခိုးယူမှုတွေ နေ့စဉ်နီးပါး ဖြစ်ပွားနေတာပါ။

“ရှေ့ရက်ကဆို သိမ်ကုန်းရပ်ကွက်မှာ သုံးဘီးကို ခြံဝင်းထဲကနေ အုပ်စုလိုက်ကြီး သူခိုးတွေက မထုတ်ထားတာ အပြင်တောင်ရောက်နေပြီး ရပ်ကွက်ကလူတွေအော်လို့ ထွက်ပြေးကုန်တာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ခိုးဆိုးလုယက်သူတွေဟာ တစ်ဦးတစ်ယောက်တည်းလုပ်တာထက် အုပ်စုဖွဲ့လုပ်ကိုင်နေပြီး သူတို့တွေဆီမှ ဓါး၊ စကေဘာနဲ့ တုတ်စတဲ့ လူအသက်အန္တရာယ်ဖြစ်စေတဲ့ လက်နက်တွေလည်း ကိုင်ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ခိုးဆိုးလုယက်မှုကြောင့် ပစ္စည်းဆုံးရှုံးသွားတဲ့ ဒေသခံပြည်သူတွေဟာ ရဲစခန်းထံ သွားရောက်တိုင် ကြားပေမယ့် အရေးယူဆောင်ရွက်ပေးမှု မရှိသလောက်နည်းပါး နေပါတယ်။

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း တရားဥပဒေစိုးမိုးမှုနည်းပါးလာတာကြောင့် နေရာဒေသအများစုမှာ အုပ်စုဖွဲ့ လုယက်တာ၊ ပစ္စည်းလုပြီး လူကိုပါသတ်ဖြတ်တာတွေအပြင် နေ့စဉ်နဲ့အမျှ ခိုးဆိုးလုယက်မှု တနေ့တခြားပိုများလာတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ခိုးဆိုးလုယက်မှုတွေ ပိုများလာတာကြောင့် တချို့ဒေသမှာ ပြည်သူတွေဟာ မိမိတို့အစီအစဉ်နဲ့ ညပိုင်းအချိန်တွေမှာ သူခိုးရန်အတွက် ကင်းစောင့်တာတွေ လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.