နေပြည်တော်၊ စက်တင်ဘာ(၂၈)

မှတ်ပုံတင်ထားခြင်းမရှိတဲ့ Sim Card တွေကို ရောင်းချတာနဲ့ လွှဲပြောင်းရာမှာ ပြန်လည်မှတ်ပုံတင်တာမရှိရင် မိုဘိုင်းအော်ပရေတာတွေနဲ့ အရောင်းကိုယ်စားလှယ်တွေကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူသွားမယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာ အရောင်းဆိုင်တွေ၊အဲဒီအော်ပရေတာတွေနဲ့ တရားဝင်ချုပ်ဆိုထားတဲ့ အရောင်းကိုယ်စားလှယ်တွေနဲ့ အရောင်းဆိုင်တွေဟာ သုံးစွဲသူမှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ မှတ်ပုံတင်ပြီးမှ Sim Card တွေကို ရောင်းချရမယ်လို့ ဆိုပါတယ်။

အဲဒီလို ရောင်းချရာမှာ အသစ်ထုတ်ဝေရောင်းချမယ့် Sim Card ဖြစ်စေ၊ လက်ရှိဖြန့်ဝေထားတဲ့ Sim Card ဖြစ်စေအကျုံးဝင်စေရမယ်လို့ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးထားတာပါ။

ဘယ်သူမဆို မှတ်ပုံမတင်ထားတဲ့ ဒါမှမဟုတ် လိမ်လည်ပြီး မှတ်ပုံတင်ထားတာ၊ သုံးစွဲသူမှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ မှတ်ပုံတင်ထားခြင်းမရှိတဲ့ Sim Card တွေကို ရောင်းချခြင်းမပြုရဘူးလို့ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ဘယ်သူမဆို သုံးစွဲသူမှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ မှတ်ပုံတင်ထားတဲ့ Sim Card ကို တဆင့်လွှဲပြောင်းရာမှာ ရယူအသုံးပြုသူတွေရဲ့ အချက်အလက်အမှန်နဲ့ ပြန်လည်မှတ်ပုံတင်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီအချက်ပါ သတ်မှတ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း စိစစ်တွေ့ရှိရင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ ခြောက်လထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

တော်လှန်ရေးမှာ ထောက်ပို့အဖြစ် ပါဝင်နေသူတစ်ဦးက စစ်ကောင်စီအနေနဲ့ အခုလိုထုတ်ပြန်တာဟာ တော်လှန်ရေးဝင်ငွေစီးဆင်းမှုကို ရပ်တန့်ဖို့နဲ့ ဖမ်းဆီးဖို့လုပ်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကတော့ ကျွန်တော်တို့ တော်လှန်ရေးဝင်ငွေစီးဆင်းမှုကို သူတို့က (စကစ) ရပ်တန့်ချင်တဲ့ သဘောပေါ့။ အဲဒါကနေ သူတို့ခြေရာခံပြီးတော့ ဖမ်းဆီးဖို့ လုပ်တာပဲဗျ။ အဓိက လိမ်လည်မှုဆိုတာထက် တော်လှန်ရေး ဝင်ငွေစီးဆင်းမှုကို သူတို့တားမြစ်ချင်တဲ့သဘောကို လုပ်တာပေါ့”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီကတော့ Sim Card တွေကို စနစ်တကျ မှတ်ပုံတင်ခြင်းမပြုဘဲ ဝယ်ယူသုံးစွဲနိုင်တာကြောင့် ဝယ်ယူအသုံးပြုမယ့်သူတွေက အဲဒီ Sim Card နဲ့ ချိတ်ဆက်အသုံးပြုနေတဲ့ ငွေကြေးဝန်ဆောင်မှုတွေအပြင် အခြားအွန်လိုင်းဝန်ဆောင်မှုတွေမှာ လိမ်လည်မှုခံရနိုင်တဲ့အပြင် ရာဇဝတ်မှုတွေ နှိပ်နင်းရာမှာ အခက်အခဲတွေရှိလာတယ်လို့ ဆိုပါတယ်။

မှတ်ပုံမတင်တဲ့ Sim Card တွေကိုအသုံးပြုပြီး ဆက်သွယ်ရေးကွန်ရက်ကနေ ရာဇဝတ်မှုတွေ အကြမ်းဖက်လုပ်ဆောင်မှုတွေနဲ့ ခြိမ်းခြောက်အန္တရာယ်ပြုမှုတွေ ပိုမိုပြုလုပ်လာကြတဲ့အတွက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

ဒီမိုကရေစီရေးလှုပ်ရှားသူ ကိုမင်းသွေးသစ်က စစ်ကောင်စီအနေနဲ့ နေရာတကာ လုံခြုံရေးအမြင်နဲ့ကြည့်ပြီး သူတို့ကိုဆန့်ကျင်တဲ့အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို ကန့်သတ်ချင်တာကြောင့် အခုလိုလုပ်တာလို့ ထောက်ပြပါတယ်။

“ဒီလိုမျိုးနေရာတကာမှာ သူတို့က (စကစ) လုံခြုံရေးအမြင်နဲ့ပဲ ကြည့်ပြီးတော့ ထိန်းသိမ်းတယ်။ ဒါက ဘာဖြစ်လို့လဲဆို သူတို့အာဏာကို ဆက်ကိုင်ထားချင်တာရယ်၊ သူတို့ကို ဆန့်ကျင်တဲ့အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေကို ကန့်သတ်ချင်တာကြောင့် လုံခြုံရေးအကြောင်းပြပြီးတော့ ရပ်ရွာအေးချမ်းသာယာရေးတို့ပါ သူတို့အစဉ်တစိုက်သုံးစွဲလာတဲ့ ခေါင်းစဉ်တွေနဲ့ အဲဒီခေါင်းစဉ်ကို အကြောင်းပြပြီး သူတို့ကထိန်းချုပ်တာဖြစ်တယ်”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီဟာ နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တော်လှန်ရေးသမားတွေရဲ့ လှုပ်ရှားမှုဆိုင်ရာ သတင်းအချက်အလက်တွေကိုထောက်လှမ်းပြီးထောက်ပို့တွေ အသုံးပြုတဲ့ ဘဏ်အကောင့်တွေ၊ ဖုန်းနံပါတ်နဲ့ဖွင့်ရတဲ့ မိုဘိုင်းငွေကြေးအကောင့်တွေကို ပိတ်သိမ်းခဲ့တာတွေလည်း ရှိနေတာပါ။

ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာတွေရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ SIM Card အမျိုးမျိုး သုံးစွဲသူ ၆၃ သန်းကျော်ရှိနေပြီး လက်ရှိမှာတော့ ပြည်တွင်းဖုန်းအော်ပရေတာတွေကို စစ်တပ်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာသူတို့ကို ဆန့်ကျင်သူတွေရဲ့ ဆက်သွယ်ရေးအချက်အလက်တွေကို ကြားဖြတ်ဖမ်းယူတာ၊ ဖြတ်တောက်တာ၊ ကန့်သတ်ထိန်းချုပ်တာတွေ လုပ်ဆောင်ဖို့ အကြမ်းဖက်မှုတိုက်ဖျက်ရေး နည်းဥပဒေကိုလည်း အခုနှစ်မတ်လအတွင်း ပြဌာန်းထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ-AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.