မော်လမြိုင်၊ စက်တင်ဘာ(၂၈)

တစ်ကျပ်သားကို ကျပ် ၃၈ သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်ခဲ့တဲ့ ပြည်တွင်း မီးလင်းအခေါက်ရွှေဈေးဟာ စက်တင်ဘာ နောက်ဆုံးအပတ်ကစပြီး တဖြည်းဖြည်း ပြန်လည်ကျဆင်းလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်တွင်းရွှေဈေးဟာ စစ်ကောင်စီရဲ့ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်ထုတ်ဝေမှု ဂယက်ကြောင့် တစ်ကျပ်သားကို ကျပ် ၃၈ သိန်းကျော်အထိ စံချိန်တင်ဈေးနှုန်းမြင့်တက်ခဲ့ရာကနေ လက်ရှိမှာတော့ ကျပ် ၃၃ သိန်းကျော်အထိ ဈေးနှုန်းပြန်လည်ကျဆင်းလာတာပါ။

ပြည်တွင်းရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်ကျဆင်းလာတာ၊ ပြည်တွင်းဝယ်လိုအား နည်းပါးနေတဲ့အတွက် ဈေးနှုန်းပြန်လည်ကျဆင်းလာတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တစ်ကမ္ဘာလုံးက ဒီဇင်ဘာဘတ်ဂျက်နဲ့သွားတော့ အခုကရွှေဈေးကျတဲ့ရာသီပဲ။ နောက်ပြည်တွင်းမှာလည်း အရောင်းအဝယ်က တအားအေးတယ်ဗျ။ နောက်နယ်က အထည်ပျက်တွေ ဝင်တာများပြီးတော့ ကျွန်တော်တို့ဆီမှာ ရွှေအိုင်နေတယ်ဗျ။ ပုံသေတော့ မှတ်လို့မရဘူး။ ပြည်တွင်းက ရောင်းလိုအား ဝယ်လိုအားရှိတယ်။ ပြည်တွင်း ဒေါ်လာဈေးရှိတယ်။ ကမ္ဘာ့ရွှေဈေးရှိတယ်။ အဲဒီလိုမျိုးပေါ့ (၃) ခုက ချိတ်နေတဲ့အခါကျတော့ တစ်ခုခုကမ္ဘာ့ရွှေဈေး တက်လာရင်လည်း ပြန်တက်သွားအုံးမှာပေါ့။ ကမ္ဘာ့ရွှေဈေးကတော့ လောလောဆယ် တောက်လျှောက်ကျနေတယ်။ အဓိကတော့ ရောင်းလိုအား ဝယ်လိုအားပေါ့၊ ဝယ်လိုအားကို မရှိတော့တာ”လို့ ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ ပြည်တွင်းဝယ်လိုအား ဒီအတိုင်းဆက်သွားပါက ဒီဇင်ဘာလလောက်အ ထိ ရွှေဈေးနှုန်း ထပ်မံကျဆင်းလာနိုင်သလို ပြည်တွင်းဒေါ်လာဈေးနှုန်းလည်း ထပ်မံကျဆင်းပါက ဒီထက်ပိုပြီး ဈေးနှုန်းသိသိသာသာ ကျဆင်းလာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဩဂုတ်နောက်ဆုံးအပတ်က ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၉၅၀ ဝန်းကျင်ထိ ပေါက်ဈေးရှိရာကနေ အခုအခါမှာတော့ တစ်အောင်စကို ဒေါ်လာ ၁၈၉၀ နီးပါးအထိ ဈေးနှုန်းကျဆင်းနေတာပါ။

ပြည်တွင်းရွှေဈေးနှုန်း ကျဆင်းလာမှုကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေသလို စစ်ကောင်စီဘက်ကလည်း မကြာခဏဆိုသလို ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေ ရှိနေတယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“(၃၈)သိန်းကျော်လောက်ထိဖြစ်သွားပြီး ပေါက်ဈေးလိုမျိုး ဖြစ်ပေမယ့် ဘယ်သူမှ အရောင်းအဝယ်မလုပ်ဘဲနဲ့ ဈေးကွက်က ပိတ်တဲ့အခါကျတော့ ဒီလိုအခြေအနေတော့ ရှိတယ်။ ဒေါ်လာက သူတို့ဘယ်လောက်ထိ ဆွဲချနိုင်မလဲဆိုတဲ့အပေါ်မူတည်ပြီး ရွှေဈေးကလည်း ကျသွားမှာပဲ။ ဒေါ်လာကိုဒီထက်ပိုပြီး ဆွဲချနိုင်ရင် ရွှေဈေးကလည်း ဒီထက်ကျမှာပေါ့နော်။ ဒေါ်လာ (၃၃၀၀)လောက်ထိ သူတို့ဆွဲချနိုင်မယ်ဆိုလို့ရှိရင်တော့ ရွှေဈေးကလည်း ထပ်ပြီးအေးသွားမှာပေါ့။ (၃၂)သိန်းလောက်ထိ ဖြစ်သွားနိုင်တာပေါ့နော်။ ရှောင်တခင် စစ်ဆေးတာတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ အရောင်းအဝယ်ကတော့ အေးနေတာပေါ့နော်၊ အဲဒီလိုမျိုး”လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ အခြေခံစားသောက်ကုန် ဈေးနှုန်းကျဆင်းစေဖို့အတွက် နိုင်ငံခြားငွေ ရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာ၊ လုပ်ငန်းလိုင်စင် ပိတ်သိမ်းတာတွေ လုပ်ဆောင်ခဲ့သလို ရွှေရောင်းချသူတွေနဲ့ ရွှေကုန်သည်တချို့ကိုလည်း ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။

ဒါ့အပြင် စစ်ကောင်စီက ပြည်တွင်း ရွှေဈေးနှုန်း ကျဆင်းစေဖို့အတွက်ဆိုပြီး ပြီးခဲ့တဲ့ကာလတွေအတွင်း ရွှေဒင်္ဂါးပြားတွေ ရိုက်နှိပ်ရောင်းချတာတွေ ပြုလုပ်ခဲ့သလို ရွှေလုပ်ငန်းရှင်အသင်းတွေကိုလည်း ဖိအားပေးပြီး ဈေးလျော့ရောင်းချခိုင်းတာတွေ လုပ်ဆောင်ခဲ့ပေမယ့် ပြည်တွင်းရွှေဈေးနှုန်းတွေကိုတော့ လက်ရှိအချိန်ထိ ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာတော့ ပြည်တွင်းရွှေဈေးဟာ အာဏာမသိမ်းခင်NLD အစိုးရလက်ထက်က တစ်ကျပ်သား ကျပ် ၁၃ သိန်း ဝန်းကျင်သာရှိရာကနေ အာဏာသိမ်းပြီးနောက် ရွှေဈေးနှုန်း ၃ ဆ နီးပါ မြင့်တက်ခဲ့သလို ဈေးနှုန်းမတည်ငြိမ်မှုတွေလည်း နေ့စဉ်ဆိုသလို ဖြစ်ပေါ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.