ရေး၊ စက်တင်ဘာ(၂၇)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီ အခြေစိုက်တပ်ရင်းတွေကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက အခုလအတွင်း ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုတွေ လုပ်ဆောင်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ၃ ရက်အတွင်း ရေးအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ အမှတ်(၁၀၆) ခြေလျင်တပ်ရင်း၊ အမှတ်(၅၈၈) ခြေမြန်တပ်ရင်းနဲ့ အမှတ် (၅၈၇) ခြေမြန်တပ်ရင်းတို့ကို နေ့စဉ်ရက်ဆက် သွားရောက်တိုက်ခိုက်ထားတာပါ။

စစ်ကောင်စီတပ်ရင်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ မွန်လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့၃ ရက်အတွင်း လက်နက်ကြီးအပြင် မောင်းသူမဲ့လေယာဉ်အငယ်စားတွေ အသုံးပြုတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း ထိခိုက်သေဆုံးထားတာ ဖြစ်ပါတယ်။

အနီးစပ်ဆုံးအနေနဲ့ စက်တင်ဘာ ၂၅ ရက်နေ့က မော့ကနင်းအခြေစိုက် စစ်ကောင်စီ အမှတ်(၁၀၆) ခြေလျင်တပ်ရင်း သွားရောက်တိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားထားပါတယ်။

ဒေသခံတွေအဆိုအရ စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ မြို့အဝင်အထွက်နေရာတွေမှာ လုံခြုံရေးတင်းကျပ်ထားသလို ကျေးရွာတချို့ကိုလည်း စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကလည်း ရေးအခြေစိုက် ခမရ ၅၈၃၊ ခမရ ၅၉၁ တပ်ရင်း ၂ ခုကိုလည်း KNLA ပူးပေါင်းတပ်က လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ရေးမြို့နယ်ကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ် သတ်မှတ်ခဲ့ပြီး ဒေသန္တရအမိန့်အမျိုးမျိုး ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.