ရေဖြူ၊ စက်တင်ဘာ(၂၇)
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ အဝင်လမ်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းစပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်တာကြောင့် သွာရေးလာရေး အခက်ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ တစ်သောင်းကျော်နေထိုင်တဲ့ ကံပေါက်ကျေးရွာအုပ်စုရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် စက်တင်ဘာ (၂၅) ရက်နေ့ ညပိုင်းမှာ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က အဝင်လမ်းပိတ်ပင်လိုက်တာပါ။
စစ်ကောင်စီတပ်ဟာ စက်တင်ဘာ (၂၆)မနက်ပိုင်းကစပြီး ကံပေါက်ဒေသအဝင်လမ်းကို ပိတ်ပင်ခဲ့ပြီး တခြားဒေသတွေထံ ဖြတ်သန်းသွားလာမယ့်သူတွေကိုလည်း သွားလာခွင့်ကန့်သတ်ထားတာပါ။
စစ်ကောင်စီဘက်က လမ်းပိတ်ဆို့ထားတာကြောင့် ရေဖြူအပါအဝင် တခြားဒေသတွေကို ဈေးရောင်းဝယ်သွားမယ့်သူတွေနဲ့ ခရီးသွားတွေအပြင် ကျန်မာရေးပြဿနာတွေကြောင့် ဆေးသွားကုမယ့်သူတွေအတွက် ဒုက္ခရောက်နေကြတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဒေသခံတွေကတော့ ကံပေါက်အဝင်လမ်း ပိတ်ရှည်ကြာလာပါက မိသားစုစားဝတ်နေရေးတွေပါ ထိခိုက်လာနိုင်တဲ့အတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။
စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ တပ်အင်အား ၃၀ နီးပါး ထပ်မံအင်အားဖြည့်ထားပြီး လုံခြုံရေးအထူးတင်းကျပ်ထားတာပါ။
ကံပေါက်ဒေသဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုအားကောင်းတဲ့ ဒေသတစ်ခုဖြစ်ပြီး အာဏာသိမ်းကာလအတွင်း ဒေသခံရာနဲ့ချီ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ