သရက်ချောင်း၊ စက်တင်ဘာ(၂၆)

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ပိတောက်ကြီးရွာဟောင်းအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ကနေ ဒေသခံ ၃ ဦး ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား ပိတောက်ကြီးရွာဟောင်းအနီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ သူတို့လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်လာတဲ့ ကရင်တိုင်းရင်းသားဒေသခံ ၃ ဦးကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားတာ ဖြစ်ပါတယ်။

သတ်ဖြတ်ခံရတဲ့ ဒေသခံတွေဟာ ပိတောက်ကြီးရွာဟောင်းနေ အသက် ၂၀ ဝန်းကျင်အရွယ် စောဒါးဒူ၊ စောပေဖော့နဲ့ အသက် ၃၅ အရွယ် စောစေးဝါးတို့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲမှာ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့သလို စစ်ကောင်တပ်ဟာ ဒေသခံ နေအိမ် ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတာ ဖြစ်ပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်သွားတဲ့ ဒေသခံ ၃ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေ ဖြစ်တယ်လို့ ဝါဒဖြန့်တာတွေ ရှိပါတယ်။

တိုက်ပွဲပြီးနောက် ဒေသခံနေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးသွားတု့ စစ်ကောင်စီတပ်ဟာ သရက်ချောင်း မြို့ပေါ်ပိုင်းကို ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အဲဒီတိုက်ပွဲကြောင့် ပိတောက်ကြီး၊ပဲဒက်အပါအဝင်ကျေးရွာ ၃ ရွာက ဒေသခံ ၅၀၀ ကျော်ဟာ နီးစပ်ရာတောတောင်တွေနဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရဲကြသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.