မကွေး၊ စက်တင်ဘာ (၂၆)

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ လက်ပံတံခါးကျေးရွာရှိ စစ်ကောင်စီ နယ်မြေရဲစခန်းကို ဒီနေ့ စက်တင်ဘာ ၂၆ ရက်နေ့ မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ နီးပါး တပ်စွဲနေထိုင်နေတဲ့ လက်ပံတံခါးရဲစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။

မနက် ၁နာရီခွဲအချိန်ကနေ ၂ နာရီ ၁၅ မိနစ်အထိ အချိန် ၄၅ မိနစ်ကြာ ဖြစ်ပွားခဲ့တဲ့ အဲဒီစီးနင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၅ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုဘက်က အထိအခိုက် မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။

“စခန်းထဲထိ ဝင်ရောက်ချဉ်းကပ် တိုက်ခိုက်နိုင်ခဲ့တယ်၊စခန်းသိမ်းဖို့အထိ ရည်ရွယ်ထားပေမယ့် မြေပြင်လိုအပ်ချက်တွေ ရှိနေတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ပါတယ်”PRA Magway စစ်ဦးစီးချုပ် ဟာကြူလီက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရဲစခန်းစီးနင်းတိုက်ခိုက်မှုကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway)၊ အထက် မင်းလှပကဖ၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မကွေးပကဖ)၊ အရှိုချင်း ကာကွယ်ရေးတပ်(ACDF)နဲ့ Key Of Revolution ပြောက်ကျားတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ စစ်အာဏာရှင်အမြစ်ပြတ်ရေးနဲ့ မကွေးတိုင်းဒေသကြီး ဧရာဝတီမြစ် အနောက်ဘက်ခြမ်း လွတ်မြောက်ရေးအတွက် စည်းလုံးညီညွတ်စွာနဲ့ စစ်ရေးအရှိန်မြှင့်တိုက်ခိုက် သွားမယ်လို့ ပူးပေါင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ- PRA Magway(ပုံစာ – မဟာမိတ်ပူးပေါင်းတပ်မှာ ပါဝင်တဲ့ PRA Magway တပ်ဖွဲ့ဝင်တွေ ဌာနချုပ်စခန်း ပြန်ဝင်လာစဉ်။)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.