ရေး၊ စက်တင်ဘာ(၂၇)

မွန်ပြည်နယ်၊ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ စစ်တပ်ပိုင် မြဝတီဘဏ် လုံခြုံရေးအဖွဲ့ ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြဝတီဘဏ်ရှိ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို စက်တင်ဘာ ၂၆ ရက်နေ့ နေ့လည် ၁ နာရီအချိန်လောက်မှာ အမည်မသိလက်နက်ကိုင် အဖွဲ့ဝင် ၄ ဦးက ဆိုင်ကယ် ၂ စီးနဲ့ လာရောက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ဘဏ်လုံခြုံရေးအဖွဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦး အခင်းဖြစ်ရာနေရာမှာပဲသေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့ လုံခြုံရေးအစောင့်ဖြစ်တဲ့ ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း တစ်ဦးကလည်း ရေးဆေးရုံသို့ ပို့ဆောင်စဉ် ထပ်မံသေဆုံးသွားတာ ဖြစ်ပါတယ်။

ဘဏ်လုံခြုံရေးအဖွဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပြီး ဘဏ်အနီးပတ်ဝန်းကျင်က ဒေသခံ ၄ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ရေးမြို့လယ်ခေါင်မှာ ရှိတဲ့ မြဝတီဘဏ်လုံခြုံရေးအဖွဲ့ကို သူတို့အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ရေးဘီလူးအဖွဲ့က စက်တင်ဘာ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်မှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ဘဏ်အတွင်းအထိ ဝင်ရောက်သွားဖို့ ပြင်ဆင်ခဲ့ပေမယ့် လုံခြုံရေးအခြေအနေကြောင့် အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်ကို စစ်ကောင်စီတပ်က လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ကြားကနေ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေ မကြာခဏတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-PAN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.