မော်လမြိုင်၊ စက်တင်ဘာ(၂၆)
မွန်ပြည်နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းတွေဟာ အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာတာကြောင့် မွေမြူးရေးလုပ်ငန်းတွေကို အပြီးတိုင်စွန့်လွှတ်သူတွေ များလာတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မွေးမြူရေးလုပ်ငန်းတွေဟာ ပြည်ပမှတင်သွင်းနေရတဲ့ အစားနဲ့ဆေးဝါးအပါအဝင် သွင်းအားစုကုန် ပစ္စည်းဈေးနှုန်းတွေ ၃ ဆကျော် မြင့်တက်နေတာ၊ ဈေးကွက်အတွင်း အရောင်းအဝယ်နည်းပါးတာအပြင် တဖက်နိုင်ငံတွေက တရားမဝင်အေးခဲအသားတွေ ဝင်ရောက်လာတာကြောင့် အရှုံးပေါ်ပြီး လုပ်ငန်းတွေကို စွန့်လွှတ်လာကြတာပါ။
မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးကတော့ မွေးမြူရေးလုပ်ငန်းတွေ အရှုံးပေါ်နေတာကြောင့် အခုသုံးလအတွင်းမှာပဲ ပြည်နယ်အတွင်းရှိ ကြက်မွေးမြူရေး ၇၀ ရာခိုင်နှုန်းနီးပါးနဲ့ ဝက်မွေးမြူရေး ၅၀ ရာခိုင် နှုန်းကျော် လုပ်ငန်းရပ်နား လာတယ်လို့ ပြောဆိုပါတယ်။
“လောလောဆယ်မှာတော့ မွေးမြူရေးသမားတွေအတွက် အခက်အခဲပေါ့ဗျာ။ တအားကြီးကျဉ်းထဲကျပ်ထဲကိုရောက်တဲ့ ကာလတစ်ခုပေါ့။ မွေးမြူထုတ်လုပ်စရိတ် မြင့်လာတာ၊ သွင်းအားစုတွေရဲ့ တန်ဖိုးမြင့်ပြီးတော့ ပြန်ပြီးတော့ ထုတ်လုပ်ရောင်းချလို့ရတဲ့ ကုန်ကျတော့ဈေးနိမ့်တာပေါ့။ အခုအနေအ ထားကတော့ တော်တော်ကြီးကို ခက်ခက်ခဲခဲ ဖြစ်သွားပြီပေါ့။ များများမွေးရင် များများရှုံးမယ်ဆိုတဲ့ အနေအထားထိကို အခုလက်ရှိမှာတော့ အဲဒီအခြေအနေကို ရောက်နေတာပေါ့လေ။ အခုဒီ(၃)လထဲမှာ ခြုံကြည့်လိုက်ရင်တော့ မွေးမြူရေးက အလျော့ဘက်ကိုသွားတယ်။ အသားစားကြက်၊ ဥစားကြက် မွေးမြူရေးကတော့ (၇၀) ရာခိုင်နှုန်းအထိကို ရပ်သွားတာပေါ့လေ။ ဝက်မွေးမြူရေးဆိုလည်းပဲ (၅၀) ရာခိုင်နှုန်းလောက်တော့ လျော့သွားပြီးပေါ့”လို့ ဆိုပါတယ်။
လက်ရှိလုပ်ကိုင်နေတဲ့ မွေးမြူရေးလုပ်ငန်းတွေကလည်း သွင်းအားစုကုန်ကျစရိတ် ကြီးမြင့်နေတာကြောင့် အရေအတွက်လျော့ချပြီး မွေးမြူလာကြသလို လုပ်ငန်းတိုးချဲ့တာတွေ၊ လုပ်ငန်းအသစ် လုပ်ကိုင်တာတွေလည်း မရှိတော့ဘူးလို့ သူကဆက်ပြောပါတယ်။
မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးကလည်း ပြည်ကပနေ အေးခဲအသားတွေ နေ့စဉ်နဲ့အမျှဝင်ရောက်နေတာ၊ သွင်းအားစုကုန်ပစ္စည်းတွေ ဈေးနှုန်းအဆမတန်မြင့်တက်လာမှုကြောင့် တွက်ခြေမကိုက်တဲ့အတွက် လုပ်ငန်းတွေကို အပြီးတိုင်စွန့်ခွာလာကြတာလို့ ပြောပါတယ်။
“မွေးမြူရေးကဏ္ဍမှာ အခုလောလောဆယ်ကတော့ သိပ်မကျန်ဘူးပေါ့။ ဝက်မွေးမြူရေးဘက်ခြမ်းဆိုလည်း ရွာကလူတွေ တော်တော်များများ မွေးကြတာပေါ့နော်။ ဒါပေမယ့် အစာဈေးတော်တော်တက်တော့ သိပ်မကျန်ဘူးလို့ ပြောကြတယ်။ အခုဝက်တွေရဲ့ ဈေးကတစ်ပိဿာကို (၁၀၀၀၀) မရဘူး၊ (၁၀၀၀၀)ဆိုမှ အရင်းလောက်ရမှာ။ အခုရတဲ့ ဈေးက (၈၀၀၀)ပဲရှိတယ်။ အရှုံးဘက်တော့ သွားတာပေါ့။ အလှူအတန်းတွေမရှိတဲ့အခါ အသားငါးတွေက သိပ်ပြီးတော့ အရောင်းမတွင်ဘူးပေါ့။ နောက် ပြီးတော့ ထိုင်းကကြက်တွေ ဝင်တာတွေကတော့ဈေးပေါပေါနဲ့ အဲဒီလိုမျိုးတွေတော့ ရှိတယ်။ ကိုယ့်ရဲ့ပြည်နယ်က အဓိကကြက်တွေကို မဖြုန်းပေးဘူး၊ ပြောမယ်ဆို တောင်ကြီးဘက်က ကြက်ဝင်တာတို့ သွားသွားယူတာ။ ဒီလိုမျိုးတွေကြောင့် ကိုယ့်နယ်ဘက်က ကြက်တွေက ဈေးကျတာပေါ့။ အခုကတော့ တော်တော်တော့လျော့လိုက် ကြတာပေါ့နော်၊ အစာဖိုးတွေ သိပ်မတတ်နိုင်လို့ မတောင့်ခံနိုင်ဘူးပေါ့။ ဒီဘက်မှာတော့ကြက်မွေးတဲ့သူ တော်တော်များများ ဖြုတ်လိုက်ကုန်ပြီ။ ရုံတွေကိုရောင်းပြီးတော့ အပြီးတိုင်စွန့်လိုက်ကြတာများတယ်၊ တော်တော်များများရုံတွေ ဖြုတ်လိုက်ကုန်ပြီး”လို့ ဆိုပါတယ်။
အခုလို အခက်အခဲတွေကြောင့် မွေးမြူရေးလုပ်ငန်းတွေကို စွန့်လွှတ်လိုက်တဲ့သူတွေဟာ ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်တာနဲ့ တခြားလုပ်ငန်းတွေအပေါ် ပြောင်းလဲလုပ်ကိုင်သူတွေ ပိုများလာတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
မွေးမြူရေးလုပ်ငန်းတွေကို စွန့်လွှတ်လာကြတာကြောင့် တစ်နိုင်တစ်ပိုင် မွေးမြူသူတွေ မရှိတော့တဲ့အတွက် မွေးမြူရေး ကျွမ်းကျင်လုပ်သားတွေလည်း အလုပ် လက်မဲ့ဖြစ်မှုနှုန်း သိသိသာသာ မြင့်တက်လာတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ မွေးမြူရေးလုပ်ငန်းအနေနဲ့ ကြက်၊ ဝက်၊ ဘဲနဲ့ ငါးမွေးမြူရေး လုပ်ငန်းတွေကို အများဆုံး လုပ်ကိုင်ကြပြီး ဆိတ်၊ နွားနဲ့ ငုံးမွေးမြူရေးလုပ်ငန်းတွေကိုတော့ တစ်နိုင်တစ်ပိုင်မွေးမြူလုပ်ကိုင်တာတွေ ရှိနေပါတယ်။
ဒါပေမဲ့ မွေးမြူရေးကဏ္ဍဟာ အာဏာသိမ်းကာလအတွင်း မြန်မာငွေတန်းဖိုကျဆင်းပြီး သွင်းအားစု ကုန်ပစ္စည်းဈေးနှုန်း အဆမတန်ကြီးမြင့်နေတာ၊ ပြည်ပကနေ တရားမဝင် ဝင်ရောက်လာတဲ့ မွေးမြူရေးထုတ်ကုန်တွေကို ဈေးကွက်မယှဉ်နှိုင်တာကြောင့် လုပ်ငန်းတွေ အပြီးတိုင်စွန့်လွှတ်ရတော့မယ့် အခြေအနေနဲ့ ကြုံနေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ