မိုးဗြဲ၊ စက်တင်ဘာ(၂၆)
အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ နေ့တိုင်းနီးပါး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကယားပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်တွေမှာ တိုက်ပွဲဖော်ဆောင်ဖို့ ကျည်လိုအပ်ချက် မြင့်မားလာတယ်လို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစပြီး ကယားပြည်နယ်ရဲ့ ဒီမော့ဆို၊ ဘော်လခဲနဲ့လွိုင်ကော်အနီးတစ်ဝိုက်အ ပြင် ရှမ်း-ကယားနယ်စပ် မိုးဗြဲ၊ ထိုင်း-ကယားနယ်စပ်တွေမှာ စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာတာပါ။
တိုက်ပွဲပြင်းထန်မှုနဲ့အတူ တိုက်ပွဲကာလ ကြာမြင့်လာတဲ့အတွက် တပ်ရင်းတချို့မှာ ကျည်မလုံလောက်မှုတွေရှိလာသလို တိုက်ပွဲတွေဖော်ဆောင်ဖို့ လက်နက်ခဲယမ်းတွေကို စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိလာတယ်လို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF စစ်ရေးချုပ် ခူးရီဒူးကတော့ တိုက်ပွဲတွေအတွင်း ခဲယမ်းလိုအပ်ချက်မြင့်မားလာတဲ့အတွက် ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီထောက်ပံ့ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။
” ရေရှည်တိုက်ပွဲမှာတော့ အဓိကလိုအပ်ချက်က ခဲယမ်းဖြစ်တယ်။ ကျွန်တော်အရင်ကပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့က ကျည်ခဲယမ်းကအဓိကကျတယ်။ အဲဒီတော့ လက်နက်တွေကတော့ ကျွန်တော်တို့ ရန်သူဆီကယူမယ်။ ကျွန်တော်တို့က ကျည်ရှိလို့ရှိရင်ရပြီ။ ပြည်သူတွေတော့ကျွန်တော်တို့ကို ဆက်ပြီးတော့မှ တောင့်ခံပေးပါ။ ဆက်ပြီးတော့မှ ပံ့ပိုးပေးပါလို့ပဲ ပြောနိုင်ပါတယ်ဗျ” လို့ ပြောကြားခဲ့ပါတယ်။
ကရင်နီပြည်နယ်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ပြောပြချက်အရ ၃ နာရီကြာ တိုက်ပွဲတစ်ခုအတွင်း ကုန်ကျစရိတ်ဟာ ကျပ်သိန်း ၃၀၀ ကနေ သိန်း ၄၀၀ ဝန်းကျင်အထိရှိပြီး တိုက်ပွဲအရမ်းပြင်းထန်ရင် သိန်းတစ်ထောင်နီးပါအထိ ကုန်ကျစရိတ်ရှိတယ်လို့ ဆိုပါတယ်။
လက်နက်ခဲယမ်းလိုအပ်မှုအတွက် တော်လှန်ရေးတပ်ဖွဲ့တွေကနေ ကမ်ပိန်းတွေ၊ မဲဖောက်တာတွေကို အသီးသီး လုပ်ဆောင်နေကြရပြီး အခုနောက်ပိုင်း အထောက်အပံ့ရရှိမှု နည်းလာတယ်လို့ ထောက်ပို့လုပ်ဆောင်နေသူတွေက ပြောဆိုပါတယ်။
အဲဒီထဲမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သြဂုတ် ၂၃ ရက်နေ့ကနေ စက်တင်ဘာ ၂၃ ရက်အတွင်းပြုလုပ်ခဲ့တဲ့ “ကရင်နီပြည်ရောက် မအလ တပ်မ ပျောက်” ဆိုတဲ့ ခဲယမ်းကမ်ပိန်း လုပ်ဆောင်ခဲ့ပေမယ့် ၃၀ ရာခိုင်နှုန်းသာ အကူအညီရရှိနေသေးတာကြောင့် ရက်ထပ်တိုးထားရတာပါ။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း တပ်ရင်း ၂ ခု ပေါင်းပြီး ” မိုးဗြဲအတွက် ပွိုင့်ဖိုက် တစ်လက်” ကမ်ပိန်းကို လုပ်ဆောင်နေပြီး နှစ်ပတ်အတွင်း လိုအပ်ချက်ရဲ့ ၄ ဒသမ ၆ ရာခိုင်နှုန်းသာ အကူအညီရှိနေသေးတယ်လို့ သိရပါတယ်။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကတော့ ကျည်အတွက် ကမ်ပိန်းအောင်မြင်မယ်ဆိုရင် တိုက်ပွဲအကြီးတွေ ဖော်ဆောင်နိုင်မယ်လို့ သံလွင်တိုင်မ်းကို ပြောပါတယ်။
” စစ်ရေးအခြေအနေကတော့ ကျွန်တော်တို့က ဘယ်လိုပြောမလဲ တစ်ဘက်နဲ့တစ်ဘက်က ထောက်လှမ်းနေတာတွေရှိတယ်။ ဘယ်အချိန်ပြန်ဖြစ်မလဲဆိုတာတော့ မပြောတတ်သေးဘူး။ ကျွန်တော်တို့လောလောဆယ် ကမ်ပိန်းကာလဖြစ်တော့ လိုအပ်နေတဲ့ ပွိုင့် ၅ သာရရင် ကျွန်တော်တို့က နောက်ထပ်တစ်ပွဲ၊ တစ်ပွဲထက်ပိုပြီး ကြီးကြီးမားမားဆင်နွှဲဖို့တော့ရှိမှာပေါ့နော်” လို့ဆိုပါတယ်။
ဝေဟင်အတွက်ရော မြေပြင်အတွက်ပါ အသုံးပြုနိုင်တဲ့ ရည်ရွယ်ထားတဲ့ ပွိုင့်ဖိုက် လက်နက်အတွက် ကုန်ကျစရိတ် သိန်း ၅၀၀၀ သတ်မှတ်ထားတယ်လို့ သူကဆက်ပြောပါတယ်။တဖက်မှာတော့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဒေါ်လာနဲ့ဘတ်ဈေးနှုန်း မြင့်တက်နေတဲ့အတွက် လက်နက်ခဲယမ်းဝယ်ယူရာမှာ အခက်အခဲမျိုးစုံရင်ဆိုင်နေရတာပါ။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ကယားပြည်နယ်ထဲကို တပ်အင်အားတွေ ထပ်မံ ဖြည့်တင်းတာ၊ အတွဲလိုက်ပစ် တာဝေးဒုံးတွေအပြင် သံချပ်ကာကားတွေကိုပါ တင်ပို့တာတွေ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ကယားပြည်နယ်(ကရင်နီ)မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား နှစ်ဖက်တိုက်ပွဲပေါင်း အကြိမ် ၅၀ ကျော် ဖြစ်ပွားထားပြီး စစ်ကောင်စီဘက်က ၁၀၀ နီးပါး သေဆုံးထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNDF