ဝါရှင်တန် ၊ စက်တင်ဘာ (၂၇)
တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကိုတန်ပြန်ဖို့အတွက် ပစိဖိတ်ဒေသတွင်းရှိ ကွတ်ခ်ကျွန်းနဲ့ နီယူး အေကျွန်းနိုင်ငံတို့ကို တရားဝင်အသိအမှတ်ပြုကြောင်း သမ္မတဂျိုးဘိုင်ဒန်က စက်တင်ဘာ ၂၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဒေသတွင်းခေါင်းဆောင်တွေ တက်ရောက်ကြတဲ့ ပစိဖိတ်ကျွန်းများဖိုရမ်နဲ့ ထိပ်သီးဆွေးနွေးပွဲ အစမှာ သမ္မတဘိုင်ဒန်က ဒေသတွင်း ပိုမိုခိုင်မာတဲ့ အမေရိကန်ရဲ့ရပ်တည်ချက် ဖော်ပြခဲ့တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ဆိုခဲ့ပါတယ်။
ဝါရှင်တန်က ကွတ်ခ်ကျွန်းနဲ့ နီယူးအေကျွန်းကို အချုပ်အခြာအာဏာပိုင် လွတ်လပ်တဲ့နိုင်ငံတွေ အဖြစ် အသိအမှတ်ပြုပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်သွားမယ်လို့ ဘိုင်ဒန်က ကြေညာခဲ့ပါတယ်။
အဲဒီလိုလှုပ်ရှားမှုဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသကို ထိန်းသိမ်းရာမှာ အထောက် အကူဖြစ်စေမယ်လို့ ဘိုင်ဒန်က ဆိုခဲ့တာပါ။
နှစ်နိုင်ငံအသိအမှတ်ပြုရေး သဘောတူညီချက်တွေထဲမှာ တရားမဝင် ငါးဖမ်းမှုကို တားဆီးဖို့၊ ထိလွယ်ရှ လွယ်အခြေအနေဖြစ်နေတဲ့ ဒေသရှိ ရာသီဥတုပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းဖို့နဲ့ စီးပွားရေးတိုးတက်ရေး မြှင့်တင်ရာမှာလည်း အထောက်အကူ ဖြစ်စေနိုင်မယ်လို့ ဘိုင်ဒန်က ပြောခဲ့ပါတယ်။
ကွတ်ခ်ကျွန်းနဲ့ နီယူးအေကျွန်းတို့မှာ အခြေချနေထိုင်သူ ၂ သောင်းထက်မနည်း ရှိပေမယ့် တောင်ပစိဖိတ်ဒေသမှာ ပြန့်ကြဲနေတဲ့ စီးပွားရေးဇုန်အဖြစ် ဖွဲ့စည်းထားတာဖြစ်ပါတယ်။
အဲဒီနှစ်နိုင်ငံစလုံးဟာ နယူးဇီလန်နိုင်ငံနဲ့ လွတ်လပ်စွာနေထိုင်ဆက်ဆံကြတဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ နိုင်ငံတွေ ဖြစ်ပါတယ်။
တောင်ပစိဖိတ်ဒေသဟာလည်း အမေရိကန်နဲ့ တရုတ်တို့ကြား ပြိုင်ဆိုင်မှုအတွက် အရေးပါတဲ့နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ မဟာဗျူဟာမြောက် သမုဒ္ဒရာဒေသမှာ သူ့ရဲ့စီးပွားရေး၊ နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာတွေကို သိသိသာသာ မြှင့်တင်ခဲ့တာဖြစ်ပါတယ်။
“ဒီကိစ္စရပ်တွေမှာ (တရုတ်)က အခန်းကဏ္ဍတချို့ ပါဝင်နေတယ်ဆိုတာ မေးစရာမရှိပါဘူး”လို့ အမည်မဖော် လိုတဲ့ အိမ်ဖြူတော်အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒီဒေသအပါအဝင် တရုတ်ရဲ့ ခိုင်မာအားကောင်းမှုနဲ့ သြဇာလွှမ်းမိုးမှုဟာ ကျွန်တော်တို့ရဲ့ ဗျူဟာမြောက်အာရုံ စိုက်မှုကို ဆက်ထိန်းထားဖို့လိုအပ်တဲ့ အချက်တစ်ချက်ဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။
အဲဒီဖိုရမ်ဟာ သြစတြေးလျမှသည် လူဦးရေနည်းပါးတဲ့ အသေးစားပြည်နယ်တွေနဲ့ ကျွန်းစုတွေအထိ ပစိဖိတ် သမုဒ္ဒရာတစ်လျှောက် ပြန့်ကြဲနေတဲ့ ပြည်နယ်တွေနဲ့ နယ်မြေများအားလုံးကို စုစည်းပေးစေတဲ့ ဖိုရမ်တစ်ခုလည်း ဖြစ်ပါတယ်။
Ref: CNA