တနင်္သာရီ၊ စက်တင်ဘာ(၂၆)
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်ကျေးရွာမှာ စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားပြည်သူတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
တနင်္သာရီအခြေစိုက် စစ်ကောင်စီ အမှတ်(၃၀၆) အမြောက်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းမှာ အရှေ့မော်တုန်းကျေးရွာထဲ တိုက်ပွဲမရှိဘဲ လက်နက်ကြီး ၁၀ လုံး ရည်ရွယ်ချက်ရှိရ ပစ်ခတ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ဒေသခံ နေအိမ် ၂ လုံး ထိခိုက်ပျက် စီးခဲ့သလို အသက် ၃၀ အရွယ် ဒေသခံကိုတီငယ်ဟာ ကျည်ထိမှန်ပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။
လက်နက်ကြီးအန္တရာယ်ကြောင့် အရှေ့မော်တုန်း၊ ထုံနွယ်၊ ဘန်းလမွတ်အပါအဝင် ဇလုံးကျေးရွာက ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကလည်း အောက်ကင်းရွာအခြေစိုက် စစ်ကောင်စီ ခမရ ၅၅၆ တပ် ရင်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် ဗောဓိကမ်းကျေးရွာရှိ ဘုန်းကြီးကျောင်းပေါ် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဘုန်းကြီး၂ ပါး ထိခိုက်ဒဏ်ရာရခဲ့သေးတာ ဖြစ်ပါတယ်။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၂၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
သတင်း-သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ