ရန်ကုန်၊ စက်တင်ဘာ(၂၆)

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ မြို့ရွာတွေကို စစ်ရေးပစ်မှတ်လိုမျိုး တမင်ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၁၂၀၀ ကျော်ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီကနေ့အထိ ပျက်စီးခဲ့တဲ့ နေအိမ်ပေါင်း ၁၀၈၀ လုံး၊သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၅၄၁ ဦး၊ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အရပ်သားပြည်သူ ၄၃၃ ဦး၊စာသင်ကျောင်း ထိခိုက်ပျက်စီးမှု ၃၉ ကျောင်း၊ဆေးရုံ ၂၂ ရုံနဲ့ ဘာသာရေးအဆောက်အအုံ ၅၄ လုံးအထိရှိတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ချိန်ကစပြီး အခုကာလထိ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် ပျက်စီးခဲ့တဲ့ နေအိမ်ပေါင်း ၇၅,၀၀၀ ကျော်၊ သေဆုံးခဲ့ရသူ ၄,၅၅၂ ဦး၊ ထိခိုက်ဒဏ်ရာရခဲ့သူ ၃,၉၂၆ ဦးနဲ့ နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၉ သန်း ကျော်အထိ ရှိလာခဲ့တာပါ။

ဒီဖြစ်စဉ်တွေဟာ စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်သဘောတူညီခဲ့တဲ့ အာဆီယံအဖွဲ့ရဲ့ ဘုံသဘောတူ ညီချက် ၅ ချက်၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်အ မှတ် ၂၆၆၉ စတာတွေကို လုံးဝလေးစားလိုက်နာမှုမရှိဘဲ လူထုအပေါ် အကြမ်းဖက်လုပ်ရပ်တွေကို ရည်ရွယ်ချက်ရှိရှိ ဆက်တိုက်ကျူးလွန်နေတာလို့ NUG က ဆိုပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် မြန်မာလူထု တရပ်လုံးက လူမှုဘဝဘေးဒုက္ခမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရပြီး နိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံနီးပါး လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတာပါ။

မြန်မာနိုင်ငံအတွက် နိုင်ငံတကာရဲ့ လူသားချင်းစာနာမှုဆိုင်ရာ လှူဒါန်းကူညီမှု အများစုကို စစ်ကောင်စီက ထိန်းချုပ်နေတာ၊ အဲဒီအကူအညီတွေက အမှန်တကယ် လိုအပ်နေတဲ့ ပြည်သူတွေဆီ မရောက်ရှိတာ၊ ဟန့်တားနှောင့်ယှက်နေတာတွေကို လေ့လာတွေ့ရှိရတယ်လို့ NUG က ဆိုပါတယ်။

NUG အနေနဲ့ မိမိစိုးမိုးနယ်မြေတွေမှာ အရပ်ဘက်တရားစီရင်ရေးမဏ္ဍိုင်ကို စနစ်တကျဖော်ဆောင် လည်ပတ်နေတဲ့အပြင် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ PDF တပ်မတော်တို့မှာလည်း အဆင့်ဆင့်သော စစ်ဖက်တရားစီရင်ရေးစနစ်ကို ဖော်ဆောင်နေတယ်လို့ အသိပေးပါတယ်။

ပြည်သူလူထုအပေါ် အကြမ်းဖက်မှုမျိုးစုံကို အချိန်နဲ့အမျှ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အမြန်ဆုံး ဖြုတ်ချနိုင်ရေးအတွက် NUG က ပြည်သူနဲ့လက်တွဲပြီး အစွမ်းကုန် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်း ထပ်လောင်းသံန္နိဋ္ဌာန်ပြုတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့မြန်မာ့နွေဦးတော်လှန်ရေးအတွက် အခုထက် ပိုမိုထိရောက်ပြီး လက်တွေ့ကျတဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးရာအကူအညီတွေ၊ ဝန်းရံအားပေး ကူညီကြဖို့ NUG က လေးနက်စွာ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.