ကျုံဒိုး၊ စက်တင်ဘာ(၂၆)

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA၊ KNDO တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ၂ ရက်ဆက် ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ၈ ဦး သေဆုံးထားတယ်လို့ KNU ဒူးပလာယာခရိုင်နဲ့ ကျားဖြူစစ်ကြောင်းတို့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ် စကခ(၁၂)လက်အောက်ခံ ခလရ(၂၃၀)၊ ခမရ(၅၄၆)၊ ခလရ(၂၀၈)တပ်ရင်းတို့က အင်အား ၇၀ နီးပါးနဲ့ တောင်ကြာအင်းကျေးရွာထဲကို စစ်ကြောင်းထိုးပြီး တောင်ကြာအင်းရွာဘုန်းကြီး ကျောင်းမှာ တပ်စွဲထားတာပါ။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့ကြး စက်တင်ဘာ ၂၂ ရက်နေ့မှာ တိုက်ပွဲတစ်ကြိမ်၊ စက်တင်ဘာ ၂၃ ရက်နေ့မှာ တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားထားပါတယ်။

၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၈ ဦး သေဆုံးပြီး အနည်းဆုံး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ပြောထားပါတယ်။

တောင်ကြာအင်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်တပ်စွဲနေထိုင်မှုကြောင့် ကျေးရွာသား ၂၀၀ နီးပါးဟာ အခြားမြို့နဲ့ ကျေးရွာတွေဘက်ကို ပြောင်းရွှေ့နေကြရတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၃ ရက်နေ့ကလည်း ကျုံဒိုးမြို့နယ် နောင်တလာကျေးရွာထဲကို စစ်ကောင်စီ စကခ(၁၂) လက်အောက်ခံ တပ်သစ်အမြောက်ကုန်းကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ရွာသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒူးပလာယာခရိုင် သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

KNU ကျုံဒိုးမြို့နယ် တောင်ကြာအင်းကျေးရွာ စာသင်ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ KNDO တပ်ရင်း(၆)တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာမှုတွေရှိနေပြီး စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ အဆက်မပြတ်ရှိနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.