ဆိုးလ်၊ စက်တင်ဘာ (၂၆)
ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ရုရှားခရီးစဉ်ပြီးနောက် မော်စကိုနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ဘာမှထူးထူးခြားခြားမရှိဘဲ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပုံမှန်ဆက်ဆံရေးသာ ဖြစ်တယ်လို့ မြောက်ကိုရီးယားက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေအပေါ် တောင်ကိုးရီးယား သမ္မတ ယွန်းဆုခ်ယိုရဲ့ ဝေဖန်ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက စက်တင်ဘာ ၂၅ ရက်နေ့မှာ အခုလိုတုံ့ပြန်ခဲ့တာပါ။
ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီယားက လက်နက်တွေ ကူညီပေးပြီး ရုရှားကလည်း လက်နက်တွေ အဆင့်မြှင့်တင်ဖို့ အပြန်အလှန်ကူညီခဲ့မယ်ဆိုရင် တိုက်ရိုက်ရန်စမှုဖြစ်လာမယ်လို့ တောင်ကိုရီးယား သမ္မတယွန်းက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားအနေနဲ့ ရုရှားနဲ့ချစ်ကြည်ရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် ဆိုးဆိုးရွားရွား ပုတ်ခတ်ဝေဖန်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတယွန်းကို ရှုတ်ချကြောင်းနဲ့ သူဟာ အမေရိကန် အတွက် အသံချဲ့စက် ဖြစ်တယ်လို့ KCNA သတင်းဌာနကနေ ပြောဆိုထားပါတယ်။
“အိမ်နီးနားချင်းနိုင်ငံတွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံရတာက သဘာဝကျပြီး ပုံမှန်ပါပဲ၊ ဒီလိုအလေ့ အကျင့်ကို ထည့်သွင်းစဉ်းစားနေဖို့ အကြောင်းပြချက်မရှိပါဘူး”လို့ မြောက်ကိုရီးယားက တုံ့ပြန် လိုက်ပါတယ်။
ရုရှားနိုင်ငံသို့ တစ်ပတ်ကြာခရီးစဉ်အတွင်းမှာ ကင်ဂျုံအန်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ စစ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့အတွက် သဘောတူညီခဲ့ကြပြီး ကင်ဂျုံအန်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကမှ ပြန်လည် ရောက်ရှိလာတာပါ။
အမေရိကန်နဲ့ တောင်ကိုရီးယားတာဝန်ရှိသူတွေဟာ ပြုံးယမ်းက သူ့ရဲ့နျူကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေအတွက် နည်းပညာအကူအညီကို ရုရှားမှတောင်းယူနေချိန်မှာပဲ ယူကရိန်းစစ်ပွဲ အတွက် လျော့နည်းသွားတဲ့ လက်နက်သိုလှောင်ရုံတွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် မြောက် ကိုရီးယားထံမှ ခဲယမ်းတွေ ဝယ်ယူဖို့ ရုရှားက ကြိုးပမ်းနေမှာကို စိုးရိမ်ကြောင်းလည်း ထုတ်ဖော် ခဲ့ကြပါတယ်။
မြောက်ကိုရီးယားရဲ့ လက်နက်အစီအစဉ်တွေကို ကူညီပေးတဲ့ လှုပ်ရှားမှုမှန်သမျှကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်အရ တားမြစ်ထားတာဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ နိုင်ငံခြားရေးမူဝါဒအရ ဘယ်အရာနဲ့မျှ ချီနှောင်ထားမှာမဟုတ်ကြောင်းနဲ့ နီးကပ်တဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးတွေဟာလည်း ပိုမိုအား ကောင်းလာလိမ့်မယ်လို့ မြောက်ကိုရီးယားဘက်ကတော့ တွင်တွင်ပြောဆိုနေခဲ့ပါတယ်။
Ref: CNA