ကော်သူးလေ၊ စက်တင်ဘာ(၂၄)

ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေထဲမှာ ပြီးခဲ့တဲ့ ဩဂုတ်လ တစ်လအတွင်း နှစ်ဖက်တိုက်ပွဲပေါင်း ၇၀ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ရာချီသေဆုံးခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ KNU တပ်မဟာ(၆) နယ်မြေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့KNDO တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း အကြိမ် ၇၀ ဖြစ်ပွားခဲ့တာပါ။

တစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူ ၃ ဦး၊ တပ်ကြပ်တစ်ဦးနဲ့ တပ် ကြပ်အဆင့်ရှိသူ နယ်ထိန်းရဲတစ်ဦးအပါအဝင် ၁၉၁ ဦး သေဆုံးခဲ့ပြီး တပ်ရင်းမှူးတစ်ဦး၊ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် ၁၆၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း KNLA KNDO တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၇ ဦး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ တပ်ပိုင်းဆိုင်ရာ ပို့ဆောင်ဆက်သွယ်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ယန္တရားလည်ပတ်မှုတွေအတွက် အသုံးပြုခဲ့တဲ့ ကား ၉ စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်က သိရပါတယ်။

ဒူးပလာယာခရိုင် တပ်မဟာ(၆)ထဲမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ စခန်းတွေနဲ့နယ်မြေလုံခြုံရေးအကြောင်းပြပြီး ကျူးကျော်လှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်တွေကို KNLA ၊KNDO တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်တာ၊ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်တာ၊ စနိုက်ပါနဲ့ ချောင်း မြောင်းပစ်ခတ်တာစတာတွေကို နေ့စဉ်နဲ့အမျှ လုပ်ဆောင်လျက်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ သေဆုံးဒဏ်ရာရဦးရေ များပြားလာတာနဲ့အမျှ စခန်းထဲရှိ စစ်ကောင်စီတပ်သားတွေဟာလည်း အထက်အရာရှိတွေရဲ့ ဖိနှိပ်အုပ်ချုပ်မှုကြောင့် စိတ်ဓာတ်ပိုင်းအရ ကျဆင်းလျက်ရှိပြီး အာဏာနဲ့ အကြမ်းဖက်အုပ်ချုပ်နေတဲ့တပ်ကို စွန့်ခွာထွက်ပြေးကာ KNU-ကရင်အမျိုးသားအစည်းအရုံးနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေထံ လာရောက်ပူးပေါင်းခဲ့တာတွေလည်း များစွာရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်စခန်းတွေကိုစွန့်ခွာပြီး တော်လှန်ရေးအင်အားစုတွေထံ လက်နက်ခဲယမ်းနဲ့အတူ လာရောက်ပူးပေါင်းခဲ့တဲ့ စစ်ကောင်စီရဲဘော်တွေကိုလည်း ပါလာတဲ့လက်နက်အမျိုးအစားပေါ်မူတည်ပြီး ကာလတန်ဖိုးသတ်မှတ်ချက်နဲ့အညီ ထောက်ပံ့ကူညီပေးလျက်ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.