သရက်ချောင်း၊ စက်တင်ဘာ(၂၄)
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ပိတောက်ကြီးကျေးရွာအနီးတဝိုက်မှာ စက်တင်ဘာ ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
တပ်အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သရက်ချောင်းမြို့နယ် ပိတောက်ကြီးကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲဟာ ဒီနေ့စက်တင်ဘာ ၂၃ ရက်နေ့မှာ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ကြားသိရပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်အရ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ပထမနေ့မှာ စစ်ကောင်စီတပ်ဘက်က ၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲကြောင့် ပိတောက်ကြီးနဲ့ အောက်သရက်ကျေးရွာက ဒေသခံတွေဟာ ဥယျာဉ်ခြံတွေနဲ့ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေထိုင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်နောက်ဆုံးအပတ်တုန်းကလည်း သရက်ချောင်းမြို့နယ် ရငဲကျေးရွာဘက်ကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ