ဘီးလင်း၊ စက်တင်ဘာ(၂၄)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့သထုံမြို့နယ်အကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်ဘက်ကနေ သထုံမြို့နယ်ထဲ မောင်းဝင်လာတဲ့ ကား ၉ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ တွေက သတင်းအရ ကြိုတင်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း မိုင်းဆွဲခံရတဲ့ စစ်ကားတစ်စီး ထိခိုက်ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး ထိခိုက်သေဆုံးနိုင်တယ်လို့ သိမ်းငှက်တော်လှန်ရေးတပ်ဖွဲ့(HRS) ပြန်ကြာရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်ကနေ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေ အထိအခိုက်မရှိဘဲ ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ ထိခိုက်သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို တခြားစစ်ကားတွေအပေါ်ကောက်တင်ပြီး သထုံဘက်ကို ဆက်လက်ထွက်ခွာတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

အဲဒီနေ့မှာပဲ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီးမှာ လိုင်စင်မဲ့ကားလာပို့တဲ့ ရဲတပ်ဖွဲ့ဝင်ကားတစ်စီး ပစ်ခတ်ခံရတာကြောင့် ရဲအရာရှိတစ်ဦးအပါအဝင် ၂ ဦး ဒဏ်ရာရရှိခဲ့သေးတာဖြစ်ပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေ မကြာခဏတိုက်ခိုက်ခံနေရသလို စစ်ကောင်စီဘက်ကလည်း မြို့တွင်းနဲ့မြို့အပြင်တွေမှာ လုံခြုံရေးတိုးမြှင့်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-HRS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.